ရန်ကုန် မတ် ၄
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂၀) ပထမနေ့နှင့် ဒုတိယနေ့ကို မတ် ၃ ရက်နှင့် ၄ ရက်က ကျင်းပရာ ရန်ကုန်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့ အနိုင်ရရှိသည်။
မတ် ၃ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် လက်ဆောင်ဂိုးဖြင့် အနိုင်ယူပြီး လက်ကျန်နှစ်ပွဲ အလိုမှာပင် တတိယနေရာရရန် သေချာခဲ့သည်။ မဟာယူနိုက်တက်အသင်းမှာမူ ရှုံးပွဲနှင့်အတူ ထိပ်ဆုံးငါးသင်း စာရင်းဝင်ရန်သာ ကြိုးပမ်းရတော့မည်ဖြစ်သည်။ ၂၁ မိနစ်တွင် မဟာယူနိုက်တက် နောက်ခံလူ ထက်ဇော်ထွန်း ကိုယ့်ဂိုးကို သွင်းမိခဲ့သဖြင့် ဒဂုံစတားယူနိုက်တက်အသင်း အနိုင်ဂိုးရခဲ့ခြင်းဖြစ် သည်။
မတ် ၄ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ချန်ပီယံဆုအတွက် လက်ကျန်မျှော်လင့်ချက်အတွက် ဟံသာဝတီကို ဂိုးပြတ်သွင်းယူပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို ဆက်လက်ဖိအားပေးနေသည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုပွဲတွင် ခြေစွမ်းမပြနိုင်ဘဲ ပထမပိုင်းမှာပင် သုံးဂိုးအထိခွင့်ပြု ခဲ့ရသည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၄ မိနစ်၊ မိနစ် ၆၀ တွင် ဟိန်းဇေယျာလင်း၊ ၂၄ မိနစ်တွင် မောင်မောင်လွင်၊ ၃၃ မိနစ်တွင် ရင်တာရိုဟမာတို့က သွင်းယူသည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက အား/ကာသိပ္ပံအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ တန်းဆင်းဇုန်အန္တရာယ်မှ ရုန်းထွက်နိုင်ရေး အမှတ်လိုနေသည့် သစ္စာအားမာန်အသင်းသည် နောက်ကျဂိုးဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။ ၄၁ မိနစ်တွင် မြတ်ဘုန်းခန့်က သစ္စာအားမာန်အသင်းအတွက် ဦးဆောင်ဂိုးသွင်း ယူသော်လည်း ၆၄ မိနစ်တွင် စစ်ငြိမ်းချမ်းဦးက အား/ကာသိပ္ပံအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးကို ၉၀+၂ မိနစ်တွင် ပြည့်စုံအောင်က သွင်းယူသည်။
ပွဲစဉ်(၂၀) တတိယနေ့ကို မတ် ၅ ရက်တွင် သီဟဒီပကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL


