ရန်ကုန် မတ် ၅
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) တတိယနေ့ကို မတ် ၅ ရက်က သန်လျင်သီဟဒီပကွင်း၌ ကျင်းပရာ ရတနာပုံအသင်းက ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရမှတ်တူ နှစ်သင်းထိပ်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ရတနာပုံအသင်းအနိုင်ရခဲ့သဖြင့် အဆင့်(၄) နေရာ အတွက် မျှော်လင့်ချက်ရှိလာသည်။ ဧရာဝတီယူနိုက်တက်အသင်းမှာမူ ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ပထမပိုင်းမှာပင် ဂိုးပြန်ပေးခဲ့ရသလို ဒုတိယပိုင်းတွင် ပေးလိုက်ရသည့်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ ခြင်းဖြစ်သည်။
ရတနာပုံအသင်းသည် ပြည်မိုး၊ စိုးမင်းဦး၊ နေဦးလွင်၊ သူရကျော်၊ ရဲပြည့်စုံတို့ဖြင့် လူစုံခဲ့သလို ဧရာဝတီယူနိုက်တက်အသင်းကလည်း စိုးအာကာ (ဂိုး)၊ သီဟ၊ ဟိန်းထက်အောင်၊ အောင်ဖြိုးဦးတို့ဖြင့် လူစုံနီးပါး အသုံးပြုခဲ့သည်။ လူငယ်ကစားသမားအများစုဖြင့် ဖွဲ့စည်းထားသည့်အပြင် နိုင်ငံခြားသား ကစားသမား အသုံးမပြုသည့် နှစ်သင်းဖြစ်သောကြောင့် ခြေစွမ်းမကွာဘဲ အပြန်အလှန်တိုက်စစ်ဆင်ကစားနိုင်ခဲ့သည်။ ၃၇ မိနစ်တွင် ဟိန်းထက်အောင်က ပင်နယ်တီဧရိယာအစပ်မှ ကန်သွင်းပြီး ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူသော်လည်း ၄၂ မိနစ်တွင် ခံစစ်အမှားမှတစ်ဆင့် လူမင်းချစ်က ရတနာပုံအသင်းအတွက် ချေပဂိုးပြန်သွင်းကာ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေ သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်မြှင့်ခဲ့ပြီး ၆၁ မိနစ်တွင် ကာလပ်က ရတနာပုံအသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
ပွဲစဉ် (၂၀) စတုတ္ထနေ့ကို မတ် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် Dagon Port အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MNL


