နေပြည်တော် မတ် ၅

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် အောင်လံမြို့နယ်၊ မင်းဘူးမြို့နယ်၊ ငဖဲမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့ ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စလင်းမြို့နယ် သီးကုန်းကျေးရွာ၌ တရားမဝင်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၁၀၀၀) ကို လောင်းကစားဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၆၁၀၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း ငါးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၁၂၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

 

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နှင့် မတ် ၁ ရက် တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲခြောက်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၈၈၆၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် ရေဦးမြို့နယ် အောင်ချမ်းသာရပ်ကွက်၌ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ၁၅ ဒသမ ၅ ဂါလန်၊ ဒီဇယ်ဆီ ၁၅ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၃၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၂၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၈၃၀၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက် တို့တွင် အုတ်တွင်းမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဝေါမြို့နယ်၊ တောင်ငူ မြို့နယ်၊ ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၈၄ ဒသမ ၈၉၁ တန်၊ အခြားသစ် ၁၃ ဒသမ ၅၄၆ တန် (ခန့်မှန်းတန်ဖိုးငွေ ၅၄၁၁၄၃၀၈ ကျပ်ကို လည်းကောင်း၊ ကျောက်တံခါးမြို့နယ်အတွင်း၌ တရားမဝင် မီးသွေးပေါင် ၃၀ ဝင် ၁၃၇၉ အိတ် (ခန့်မှန်းတန်ဖိုးငွေ ၂၆၅၅၉၅ ကျပ်) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၅၄၁၈၄၃၀၈ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့ အတွင်း၌ လိုင်စင်မဲ့ယာဉ် နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် နှစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း သုံးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

 

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၈ ရက်၊ မတ် ၁ ရက်နှင့် ၂ ရက် တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၄၇၁၃၂၉၀၃ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ယင်းတရားမဝင် တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်