စပါးအသင်းသည် ပရီမီယာလိဂ် ပွဲစဉ်(၂၉)တွင် ပြိုင်ဘက် ခရစ္စတယ် ပဲလေ့စ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့သောကြောင့် ပရီမီယာလိဂ်ရှုံးပွဲ ၁၄ ပွဲ အထိရှိလာပြီဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို မတ် ၆ ရက် နံနက် ၂ နာရီခွဲက စပါးအသင်း အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၆၀၀၀၀ ကျော် လာ ရောက်ကြည့်ရှုခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် အာချီဂရေး၏ ဖန်တီးမှုမှ ဒိုမီနစ် ဆိုလန်ကီ က စပါးအသင်းအတွက် ဦးဆောင်ဂိုးသွင်း ယူပေးခဲ့သည်။
သို့သော်လည်း စပါးအသင်းသည် ပွဲချိန် ၃၈ မိနစ်တွင် အသင်း ကစားသမား ဗန်ဒီဗင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် သွင်းဂိုးများကို အစ္စမေလာဆားနှင့် လာဆင်တို့က သွင်းယူပေးခဲ့သည်။
စပါးအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ငါးပွဲဆက်ရှုံးနိမ့်မှုနှင့်အတူ တန်းဆင်းဇုန်အထက် အဆင့်(၁၆)တွင် ရမှတ် ၂၉ မှတ်ဖြင့် ရပ်တည်နေသည်။ ပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်အသင်းက ယခုအနိုင်ပွဲကြောင့် ပရီမီယာလိဂ်နိုင်ပွဲ ၁၀ ပွဲနှင့်အတူ ရမှတ် ၃၈ မှတ်ဖြင့် အဆင့် (၁၃) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
အောင်ဇော်


