၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို မတ် ၆ ရက်ကပြုလုပ်ရာ မြန်မာအသင်း အုပ်စု (B) တွင် ကျရောက်ခဲ့သည်။

 

ယင်းပြိုင်ပွဲကို ဧပြီ ၁၁ ရက်မှ ၂၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၁၂ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ တီမော၊ အုပ်စု (B) တွင် ထိုင်း၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ အုပ်စု (C) တွင် သြစတြေးလျ၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် မေလတွင်ကျင်းပမည့် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် တစ်အုပ်စုတည်းကျရောက်နေသည့် ထိုင်းအသင်းနှင့် ယခုပြိုင်ပွဲတွင်လည်း တစ်အုပ်စုတည်းကျရောက်နေသည်။

 

မြန်မာ ယူ-၁၇ အသင်းသည် ယခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဧပြီလတွင် အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ၊ မေလတွင် အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲများအတွက် အချိန်ယူပြင်ဆင်လျက်ရှိပြီး မတ် ၃၊ ၅ ရက်က ရန်ကုန်မြို့တွင် အိန္ဒိယ ယူ-၁၇ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

 

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်သော်