ရန်ကုန်      မတ်     ၉

၂၀၂၅-၂၀၂၆ ရာသီ MFF ဖူဆယ်လိဂ်-၂ ပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို မတ် ၉ ရက်က  ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ကျင်းပရာ  Galaxy အသင်း  ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။

ပွဲစဉ် (၂၂) တွင် ရွှေပြည်သာယူနိုက်တက်အသင်းက KKY အသင်းကို ခြောက်ဂိုး-ငါးဂိုး၊ A.C Milksteak အသင်းက Kyaung Sayar Tharhtwe အသင်းကို လေးဂိုး-နှစ်ဂိုး၊ YRG Academy အသင်းက JZ Yangon အသင်းကို ခြောက်ဂိုး-သုံးဂိုး၊ Maryar Noka အသင်းက 7 Dragon အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ULAD အသင်းက Black Cross အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး Galaxy အသင်းနှင့် 7 Brother အသင်းတို့ လေးဂိုးစီသရေကျခဲ့သည်။ ပြိုင်ပွဲအပြီးတွင် Galaxy အသင်း က ၂၂ ပွဲကစား ၁၉ ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ၅၉ မှတ်ဖြင့် ချန်ပီယံ၊ 7 Brother အသင်းက  ရမှတ် ၅၀ ဖြင့်  ဒုတိယရခဲ့ပြီး   ယင်းနှစ်သင်းနောက်တွင် ULAD  အသင်းက ၄၆ မှတ်၊ Maryar Noka အသင်းက ၄၅ မှတ်၊ YRG Academy အသင်းက  ၄၃ မှတ်၊ 7 Dragon အသင်းက ၃၂ မှတ်၊ KKY အသင်းက ၂၉ မှတ်၊ Kyaung Sayar Tharhtwe အသင်းက ရမှတ် ၂၀၊ JZ Yangon အသင်းက ၁၈ မှတ်၊ A.C Milksteak အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်းက ၁၆ မှတ်စီ၊ Black Cross အသင်းက ကိုးမှတ်ရရှိခဲ့သည်။ ချန်ပီယံ Galaxy အသင်းနှင့် ဒုတိယရသည့် 7 Brother အသင်းတို့မှာ လာမည့် ရာသီလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိခဲ့သည်။ Galaxy အသင်းသည် ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုကတည်းက ချန်ပီယံဆုရရှိထားခြင်းဖြစ်သည်။

ပေးအပ်ချီးမြှင့်

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ အသန့်ရှင်းဆုံး အသင်းဆုရရှိသော YRG Academy အသင်းအား   ဆုဖလားနှင့် ဆုကြေးငွေကျပ်  သုံးသိန်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသော 7 Brother အသင်းမှ မင်းခန့်ချစ်အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ငါးသိန်း၊ အကောင်း ဆုံး ကစားသမားဆုရရှိသော Galaxy FC မှ အာကာကျော်အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ငါးသိန်း၊ စတုတ္ထဆုရရှိခဲ့သော Maryar NOKA FC အသင်းအား ဆုကြေးငွေကျပ် ၁၀ သိန်း၊ တတိယဆုရရှိသော ULAD FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၅ သိန်း၊ ဒုတိယ ဆုရရှိသော 7 Brother FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၃၀၊ ချန်ပီယံဆုရရှိခဲ့သော Galaxy FC အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၅၀ နှင့် ချန်ပီယံဆုဖလား ပေးအပ်ချီးမြှင့်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF