ရန်ကုန် မတ် ၁၂
၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာယူ-၁၇ အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းနှင့် အိန္ဒိယ ယူ-၁၇ အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းတို့၏ ပထမခြေစမ်းပွဲကို မတ် ၁၂ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ အိန္ဒိယ ယူ-၁၇ အသင်းက နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။
အာရှဖလားခြေစစ်ပွဲအောင်မြင်ပြီးနောက် ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲကစားသည့် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် ခြေစွမ်း ပြနိုင်ခြင်းမရှိဘဲ အိန္ဒိယအသင်းကို အရှုံးပေးခဲ့ရသည်။ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတွင် အုပ်စုအဆင့်ကျော်လွန်ရန် ရည်မှန်းထားသည့် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း၏ ခြေစွမ်းမှာ အားရစရာမရှိသေးဘဲ ပြိုင်ပွဲစတင်ရန် ရက်ပေါင်း ၄၀ ကျော်လိုသေးသဖြင့် ယင်းကာလအတွင်း ခြေစွမ်းပိုင်းပိုမိုကောင်းမွန်လာရေး ပြင်ဆင်နိုင်ရန် လိုအပ်နေသည်။
အချိန်မီပြုပြင်နိုင်ရန် လိုအပ်
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် ဆောင်းပွင့်ဖြူ (ဂိုး)၊ သဲအိလှိုင်၊ ချစ်ပွင့်အောင်၊ ပင်မြင့်ယံ၊ မင်ထုန်မေဇီတာ၊ ဆောင်းသဇင်ဦး၊ ရှင်းသန့်ဖြူစင်ပြုံး၊ ခင်မြတ်ဘုန်းထွဋ်၊ သော်တာနှင်း၊ ဟန်နီဖူးဝေ၊ နန်းခိုင်ဇင်မြင့်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ပွဲအစပိုင်းတွင် အိန္ဒိယအသင်းက ထိန်းကစားနေသဖြင့် မြန်မာအသင်း ဖိကစားနိုင်သော်လည်း ထိရောက်သည့် တိုက်စစ်ဆင်မှုမပြုလုပ်နိုင်ဘဲ ၃၈ မိနစ်တွင် ဂိုးစတင်ပေးခဲ့ရသည်။ အိန္ဒိယအသင်းအတွက် အဖွင့်ဂိုးကို ပရီသီကာက သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုလည်း ၄၉ မိနစ်တွင် ၎င်းကပင် သွင်းယူခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာပွဲများနှင့် ဝေးကွာနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းအနေဖြင့် လိုအပ်ချက်၊ အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး အချိန်မီပြုပြင်နိုင်ရန် လိုအပ်နေသည်။
မြန်မာ ယူ-၁၇ အသင်းနှင့် အိန္ဒိယ ယူ-၁၇ အမျိုးသမီးအသင်းတို့၏ ဒုတိယခြေစမ်းပွဲကို မတ် ၁၄ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်သော်


