အဒစ္စအဘာဘာ  မတ်   ၁၂

အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းတွင် မတ် ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၅၂ ဦးအထိ ရှိလာကြောင်း ဒေသခံအာဏာပိုင်များက ပြောသည်။ 

မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း အာဏာပိုင်များက ပြောသည်။ ယခုအချိန်အထိ  သေဆုံးသူ   ၅၂ ဦး၏  ရုပ်အလောင်းများကို တွေ့ရှိပြီးဖြစ်ကြောင်း ဂဲမိုဇုန်အစိုးရ ဆက်သွယ်ရေးဌာနက အတည်ပြုထားကြောင်း လူမှုကွန်ရက်မီဒီယာတွင် မတ် ၁၂ရက်က ဖော်ပြ ထားသည်။

မြေပြိုမှုကြောင့် သေဆုံးသူဦးရေမှာ ၁၀၀ ကျော်အထိရှိနိုင်ကြောင်း အရာရှိများက ပြောသည်။ အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း ဂဲမိုဇုန်တွင်  မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ ပျောက်ဆုံးနေသူ  ၅၀ ခန့်ကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

မြေပြိုမှု  အပျက်အစီးများနှင့် ရေလွှမ်းမိုးမှုတို့ကြောင့် မတ် ၁၁ ရက်က အများပြည်သူလမ်းကြောင်းများတွင် ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး  ကယ်ဆယ်ရေးလုပ်ငန်းများတွင် အနှောင့်အယှက် အဟန့်အတားများဖြစ်ပေါ်ခဲ့ရသည်ဟု အာဏာပိုင်များကပြောသည်။

အီသီယိုးပီးယားနိုင်ငံ၌ မိုးရာသီသည် ဖေဖော်ဝါရီလအတွင်းမှ စတင်ခဲ့ပြီး မတ်လအထိကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဆင်ဟွာ