မတ် ၁၃

ပီရူးနိုင်ငံသည် မြင့်မားသောအန္တရာယ်များလျော့ပါးစေရန်နှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အများပြည်သူဘေးကင်းရေးအပေါ်သက်ရောက်မှုကိုဖြေရှင်းရန်အတွက် ခရိုင် ၂၈၃ ခုတွင် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း El Peruano သတင်းစာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

လီမာ၊ အမေဇုံနာစ်၊ အန်ကတ်ရှ်၊ ကူစကိုနှင့် အာရီကွီပါ အပါအဝင် ပီရူးနိုင်ငံ၏ ဒေသ ၂၀ တွင် အရေးပေါ်အစီအမံသည် ပြက္ခဒိန်ရက်ပေါင်း ၆၀ ကြာ အကျိုးသက်ရောက်မည်ဟု သတင်းစာတွင် ထုတ်ပြန်ထားသော အမိန့်များအရ သိရသည်။

အဆိုပါအရေးပေါ်ကာလအတွင်း ဒေသဆိုင်ရာနှင့် ဒေသန္တရအစိုးရများသည် အမျိုးသားအရပ်ဘက် ကာကွယ်ရေးအင်စတီကျုနှင့် ဝန်ကြီးဌာနအသီးသီးပူးပေါင်းကာ ထိခိုက်ခံရသောဒေသများ ပြန်လည်ထူထောင်ရေး၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လိုအပ်သောအစီအမံများနှင့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပီရူးနိုင်ငံ၏တပ်မတော်သည်လည်း ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် အကူအညီများပေးရန် အထူးကျွမ်းကျင်ဝန်ထမ်းများကို တာဝန်ပေးစေလွှတ်ထားပြီး အမျိုးသားရဲတပ်ဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းကာ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို