နေပြည်တော် မတ် ၁၄
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်ကျင်းပရာ ယနေ့ စာမေးပွဲ ဖြေဆိုမှု စတုတ္ထနေ့တွင် သက်ဆိုင် ရာ ဘာသာရပ်များဖြစ်သည့် ဓာတုဗေဒဘာသာရပ်၊ ပထဝီဝင် ဘာသာရပ်၊ စက်မှုအတတ်ပညာ (ပေါင်းစပ်သိပ္ပံ) ဘာသာရပ်နှင့် စိုက်ပျိုးရေးအတတ်ပညာ[သီးနှံ ထုတ်လုပ်ရေး(၃)] ဘာသာရပ် တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုကြသည်။
စနစ်တကျဆောင်ရွက်
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ များ ဖြေဆိုကြရာတွင် ဓာတုဗေဒ ဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် တို့ကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း ၈၈၇ ခု၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၇၁၇ ဦး(၉၄ ဒသမ ၇၈ ရာခိုင် နှုန်း)ဖြင့် လည်းကောင်း၊ စက်မှု အတတ်ပညာ (ပေါင်းစပ်သိပ္ပံ)ဘာသာရပ်နှင့် စိုက်ပျိုးရေးအတတ် ပညာ[သီးနှံထုတ်လုပ်ရေး(၃)]ဘာသာရပ်တို့ကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူ စုစုပေါင်း ၂၈၆၉ ဦး (၉၉ ဒသမ ၂၇ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း ဖြေဆိုကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆို နိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက် ရှိပြီး ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၆ ရက် (တနင်္လာနေ့)တွင် ရူပဗေဒဘာသာ ရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက်(အင်္ဂါနေ့)တွင် ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာ ရပ်တို့ကို ဆက်လက်ဖြေဆိုကြရ မည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေး ပွဲကိုလည်း မတ် ၁၈ ရက်အထိ ဆက်လက် ဖြေဆိုရမည်ဖြစ်ကာ မတ် ၁၅ ရက်(တနင်္ဂနွေနေ့)ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲ စတုတ္ထနေ့ ဖြေဆိုမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ၏ စကားသံများကို လည်း အခုလိုကြားသိရပါတယ်-
၁။ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းကျောင်းက ကလေးတွေ ကတော့ Grade-12 ဘာသာရပ်မှာ မွေးမြူရေးဘာသာရပ်က မရှိပါ ဘူး။ ဒီနေ့ စက်မှုနဲ့ စိုက်ပျိုးရေး ဘာသာရပ်တွေကို ဖြေဆိုကြရတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုတဲ့ အခြေအနေတွေကတော့ အားလုံးကောင်းမွန်ပါတယ်။ မိဘတွေရော၊ ရပ်ကွက်က တာဝန် ရှိသူတွေရော အားလုံး ကလေးတွေအတွက် အာဟာရဒါနကအစ အားလုံး ပံ့ပိုးကူညီကြပါတယ်။ ကျွန်မတို့ကိုလည်း ပညာရေးဌာန တွေမဟုတ်ဘဲနဲ့ အခြားဌာနဆိုင်ရာ အားလုံးက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ကြလို့ အထူးပဲ အောင်မြင်ခဲ့ကြပါတယ်။ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ နောက်ထပ် ဖြေဆိုရမယ့် နှစ်ဘာသာ ကျန်ပါသေးတယ်။ အဲဒီဖြေဆိုရမယ့် ဘာသာတွေကိုလည်း အားလုံး ချောချောမွေ့မွေ့ဖြေဆိုနိုင်အောင်လို့ ကျွန်မတို့က စီစဉ်ထားပါတယ်။ ကလေးတွေ အနေနဲ့လည်း ကိုယ့်ရဲ့အနာဂတ်အတွက် အားမလျှော့ဘဲ ကြိုးကြိုးစားစား အောင်အောင်မြင်မြင်နဲ့ ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
၂။ စာမေးပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတဲ့ အပိုင်းတွေကတော့ အများကြီးရှိပါတယ်။ အချိန် တွေရော၊ လူတွေရော ပင်ပန်းပြီးတော့မှ တစ်နှစ်ပတ်လုံးကြိုးစားထားရတဲ့အချိန်တွေက အများကြီး ရှိပါတယ်။ ဘယ်လိုလေ့လာခဲ့လဲဆိုတော့ အချိန်အပိုင်းအခြားနဲ့ အများကြီး ရင်းနှီးမြှုပ်နှံပြီး လေ့ကျင့်ထားရပါတယ်။ အလွန်စိတ်လှုပ်ရှားရပါတယ်။
အောင်မြင် စေချင်တာရယ်၊ သူတို့ဘဝအတွက် ရှေ့တက်လမ်းလေးကို ကျွန်မတို့ဘက်ကနေပြီးတော့ ပံ့ပိုးပေးချင်တာပါ။ သူတို့ နားချင်တဲ့အချိန်လေး နားရအောင်၊ သူတို့စားချင်တဲ့ အချိန်လေး စားရအောင် ကျွန်မတို့က စီစဉ်ပေးရပါတယ်။ စာမေးပွဲအတွက် အချိန်လေးတွေ အနှောင့်အယှက် ဖြစ်မှာစိုးလို့ သူတို့အတွက် ကျွန်မ ဂရုစိုက်ပါတယ်။ ရည်မှန်းချက်ကတော့ အမြင့်ကြီး ထားထား ပါတယ်။ သူတို့အားလုံး အောင်မြင်ပါစေ။ ကျွန်မ သမီးလေးကိုလည်း ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်စေချင်ပါတယ်။ ဖြေဆိုတဲ့ ကလေးတွေ အားလုံးကိုလည်း အောင်စေချင်ပါတယ်။
၃။ ကျောင်းသားအားလုံး စိတ်အေးချမ်းသာစွာနဲ့ စာတွေကိုကျက်မှတ် နိုင်အောင် စိတ်အေးချမ်းသာစွာ ဖြေနိုင်ဖို့အတွက် ကျွန်မတို့ ကြီးကြပ်ရေးမှူးတွေ အပါအဝင် ပညာရေးဌာနက လူတွေ အကုန်လုံး၊ ကျန်းမာရေးနဲ့ ကျန်းမာရေးဆိုင်ရာ၊ ဌာနဆိုင်ရာ အားလုံးကနေပြီးတော့ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြပါတယ်။ ကလေးတွေအားလုံး စာမေးပွဲကို အခက်အခဲမရှိ စိတ်အေးချမ်းသာစွာ၊ လုံခြုံမှုရှိစွာ ဖြေဆိုနိုင်ကြပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ထူးချွန်စွာနဲ့ အောင်မြင်ပြီး သူတို့ရည်မှန်းချက် ပန်းတိုင်အတိုင်း လျှောက်လှမ်းချင်တဲ့ တက္ကသိုလ်ကို ဆက်ပြီးတော့ လျှောက်လှမ်း နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။
သတင်းစဉ်


