နေပြည်တော် မတ် ၁၅
စစ်ကိုင်းမြို့တွင် ငွေကျပ် ၃၁၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနှင့် တောင်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း ၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၂ ရက် နံနက် ၇ နာရီခွဲတွင် သတင်းအရ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်တွင် မန္တလေးမှ စစ်ကိုင်းမြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် BAJAJ RE အမျိုးအစား မီနီအိုးဝေသုံးဘီးယာဉ်အား စစ်ဆေးရှာဖွေရာ ဝန်းသိုမြို့နယ် ကျုံးကြီးကျေးရွာနေ မရွှေဇင်ဦး (၂၂) နှစ် သယ်ဆောင်လာသည့် ဘိန်းစိမ်း ၂၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၁၅ သိန်း) သိမ်းဆည်းရမိသဖြင့် မရွှေဇင်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အတူ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မင်္ဂလာအောင်မြေရပ်ကွက် နယ်မြေ (၃) နေ ကျော်ဝင်းနိုင် (၃၅) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၀ သိန်း) သိမ်းဆည်းရမိပြီး ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ အကွက်ကြီး (၁၀) နေ မစုစုစံ (၂၅) နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၈၀) ဆက်လက်သိမ်ဆးည်းရမိသဖြင့် ကျော်ဝင်းနိုင်နှင့် မစုစုစံတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။
သတင်းစဉ်


