ရန်ကုန် မတ် ၁၅
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ကကြီးမှူး၍ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ရွှေသံလွင်မီဒီယာတို့ ပူးပေါင်းပြုလုပ်သည့် (Myanmar Sepaktakraw League) ပိုက်ကျော်ခြင်းလိဂ် ၂၀၂၆ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏ ပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရွှေသံလွင်မီဒီယာမှ တာဝန်ရှိသူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ ရွှေသံလွင်မီဒီယာမှ အားကစားတာဝန်ခံက ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်လေးချက် ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပထမနေ့ပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကို မတ် ၁၄ ရက်မှ ဧပြီ ၅ ရက်အထိ ကျင်းပပြီး အမျိုးသား လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲသို့ အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲဝင်အသင်း ငါးသင်း၊ အမျိုးသားပြိုင်ပွဲဝင် အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


