ရန်ကုန်     မတ်    ၁၅

အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီကာ ၂၀၂၆-Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များကို ယနေ့မွန်းလွဲ ၁ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ အားကစားရုံ၌ တွဲဆိုင်း ၁၀ ဆိုင်း ကျင်းပသည်။      

အဆိုပါပြိုင်ပွဲတွင် သွင်သမိုင်း(ကျားမနိုင်)နှင့် မင်းမင်းခန့်(NINE)၊ စောထက်အောင် (SF)နှင့် မြတ်မင်းကို (တော်ဝင်ဧရာ)၊ ပိုင်ဇင်အောင်(MK-1)နှင့် သဲမောင်(ကျားမနိုင်)၊ ရန်မျိုးအောင် (YMA)နှင့် သူရဟိန်း(Lone Chaw)၊ အယ်ဂွန်ဂျာ(အဖြူရောင်သွေးသစ်)နှင့် သားထွေး(ကျားမနိုင်)၊ရွှေထီး (YMA)နှင့် ရဲခေါင်(အဖြူရောင်သွေးသစ်)တို့ အချီပြည့် သူတစ်ပြန်   ကိုယ်တစ်ပြန် ထိုးကြသော်လည်း   အလူးအလဲဖြင့် ပရိသတ်အကြိုက်ပွဲ‌ကောင်းများဖြစ်ကာ ပူးတွဲသရေများ ကျခဲ့သည်။

ထို့ပြင် ကျော်ကြီး(ဇာမဏီမောင်)နှင့် ကောင်းဆက်မင်း(ရန်ကြီးအောင်)တို့ပြိုင်ပွဲတွင်‌ ကောင်းဆက်မင်းက ကျော်ကြီးကို ဒုတိယအချီတွင် အလဲထိုးနိုင်ခဲ့သည်။ နောက်ပွဲများဖြစ်သည့် ထွန်းလင်းအောင်(SF) ခြေကန်ချက်ကြောင့်  ဖရန်စစ်(NINE) တတိယအချီတွင် အရှုံး‌ပေးလိုက်ရသည်။ စောအဲဒို(STL)နှင့် တိမ်လွှာ (ကျားမနိုင်) တို့ပြိုင်ပွဲတွင် တိမ်လွှာ၏လက်သီး၊ ခြေကန်ချက်များကြောင့် စောအဲဒို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့်  တိမ်လွှာကို အနိုင်‌ပေးလိုက်သည်။ ငရဲ (SF)နှင့် အောင်ကောင်းခန့် (Top One)တို့ပြိုင်ပွဲတွင် ငရဲကန်ချက်‌ကြောင့် အောင်ကောင်းခန့်၏သတ်မှတ်၊   ကန့်သတ်ထား‌သောနေရာကို မတော်တဆထိမိကာ ပထမအချီ၌ ပွဲပျက်ခဲ့ရသည်။ ယင်းပြိုင်ပွဲသည် ၃ မိနစ်ထိုး ၂ မိနစ်နား သုံးချီစိန်ခေါ်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။                         

ဗလ