မတ် ၁၆
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာပြည်နယ်ရှိ အစိုးရပိုင်ဆေးရုံတစ်ရုံတွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်းသေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
အဆိုပါပြည်နယ်၏ Cuttack ခရိုင်ရှိ SCB ဆေးကောလိပ်နှင့် ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင် (ICU) အတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် ငါးဦးသည် အခြေအနေစိုးရိမ်ရသည်ဟု ဆိုသည်။
သေဆုံးသူအများစုသည် ယင်းဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ကုသမှုခံယူနေသော လူနာများဖြစ်ကြောင်း ဖော်ပြထားသည်။
အစောပိုင်းသတင်းများအရ မီးလောင်မှုဖြစ်ပွားရခြင်း၏အကြောင်းရင်းသည် လျှပ်စစ်ဝါယာကြိုး ပြတ်တောက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


