နေပြည်တော် မတ် ၁၆

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား သဘာပတိအဖြစ် တင်မြှောက်ကြရာ သဘာပတိလောင်းအဖြစ် တင်မြှောက်ရန် အမည်စာရင်း တင်သွင်းသူနှစ်ဦးရှိသည့်အတွက် လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ရာမဲအများဆုံးရရှိသည့် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒကျော်စွာကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။

ထို့နောက် သဘာပတိဒေါက်တာ နန္ဒကျော်စွာက ပြည်သူ့လွှတ်တော်၏ ရှေ့မှောက်၌ သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊

ယင်းနောက် သဘာပတိက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးရှိသည့်အနက် ကိုယ်စားလှယ် အားလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာ သည်။

ကတိသစ္စာပြု

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိ သစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာ ပွင့်ဆန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလောင်းအဖြစ် ဇေယျာသီရိ မဲဆန္ဒနယ်မှ ဦးခင်ရီ တစ်ဦးတည်း ကိုသာ အမည်စာရင်းတင်သွင်းပြီး ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းက ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁)အရ ဇေယျာသီရိ မဲဆန္ဒနယ်မှ ဦးခင်ရီ အား ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံ က ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌလောင်းအဖြစ် တပ်ကုန်း မဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း တစ်ဦးတည်းကိုသာ အမည်စာရင်း တင်သွင်းပြီး ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေက ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၃)အရ တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းအား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဦးခင်ရီနှင့် ဦးမောင်မောင်အုန်း တို့က သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် သဘာပတိက ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅ အရ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီကို တာဝန်လွှဲအပ်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားသည်။

(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား အပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ကိုရပ်နား လိုက်ပြီးအစည်းအဝေး ဒုတိယနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို အသိပေးကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်