လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာရရှိကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝလျက် ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား ကျွန်တော့်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ပေးခဲ့ကြတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများ အားလုံးကို အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်းနှင့် ကျွန်တော့်ဘဝရဲ့ တစ်သက်တာ အမှတ်တရအဖြစ် ရင်ဝယ်လေးစားစွာ သိမ်းဆည်းထားပါကြောင်း ပြောကြားလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
ဒီနေ့ဟာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင် စွာ ကျင်းပပြီးစီးတဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ပြည်သူ့ဆန္ဒနဲ့အညီ တတိယအကြိမ် ပြည်သူ့လွှတ်တော်ကြီး ပေါ်ပေါက် လာတဲ့ သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာနေ့ တစ်နေ့လည်း ဖြစ်ပါတယ်။
ကိုယ်စားလှယ်များက ကျွန်တော့်ကို ယုံကြည်စွာ တာဝန်အပ်နှင်းမှုအပေါ် အလေးအနက်ခံယူပြီး ဒီတာဝန်ကို ကျေပွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနဲ့အညီ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အလေးအနက်ထား ကတိပြုအပ်ပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်းနဲ့ ဒီမိုကရေစီကျင့်စဉ်အတိုင်း တက်ညီလက်ညီ ဝိုင်းဝန်းဖော်ဆောင် သွားကြစေလိုပါတယ်။ ဒါ့အပြင် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အပြန် အလှန်လေးစားခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အားလုံးနဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် တစ်နည်းပြောရရင် ပိုမိုခိုင်မာပြည်မြန်မာကြီးကို ဖော်ဆောင်ပေးနိုင်မယ်လို့ အလေးအနက် ယုံကြည်ပါကြောင်းလည်း ပြောကြားလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ အချုပ်အခြာ မဏ္ဍိုင်သုံးရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင် သည် လွှတ်တော်၏ အဓိကတာဝန် ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတော်အာဏာ မဏ္ဍိုင်သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုရမှာဖြစ်ပြီး ပြည်သူကို ကိုယ်စားပြုခြင်းကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတဲ့ နိုင်ငံရေးရည်မှန်းချက်၊ ခေတ်စနစ် အခြေအနေများနဲ့ ကိုက်ညီမှုရှိစေရန် ပြင်ဆင်ခြင်း၊ ပယ်ဖျက် ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စား လှယ်များ ဖြစ်တာနဲ့အညီ ပြည်သူများနဲ့ ထိတွေ့ဆွေးနွေးပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ပြည်သူ့ ကိုယ်စား ဖော်ဆောင်ပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်သကဲ့သို့ နိုင်ငံတော်နဲ့ ပြည်သူ့ ကောင်းကျိုးအတွက် လွှတ်တော်ရဲ့ဆောင်ရွက်ချက်များကိုလည်း ပြည်သူများ နားလည်သဘောပေါက် စေရန် ပြန်လည်မျှဝေပေးရမှာက လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
အချုပ်အားဖြင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ နိုင်ငံတော်နဲ့ ပြည်သူလူထု၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။


