မော်လမြိုင် မတ် ၁၆
(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမား များနှင့် ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အမျိုးသားပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ တန်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမားဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြီး မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမား ၂၅၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးကအလေးအနက်ထား ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသရာတွင် ကဏ္ဍကြီး ခြောက်ခုအလိုက် စုံလင်စွာခင်းကျင်းပြသသွားရန်နှင့် ဒေသ၏ Food Mark ဖြစ်သည့် အစားအစာများ၊ Land Mark ဖြစ်သည့် အသုံးအဆောင်များ၊ ထွက်ကုန်များစသဖြင့် စုံစုံလင်လင်ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ပေးစေလိုကြာင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


