ရန်ကုန် မတ် ၁၆
ဧပြီလအတွင်းကျင်းပမည့် ၂၀၂၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် မတ် ၁၄ ရက်မှစ၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ပြည်တွင်းလိဂ်ပြိုင်ပွဲအပြီး ရက်ပိုင်းအကြာမှာပင် စတင်လေ့ကျင့်ခြင်းဖြစ်ပြီး လိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ပတ္တရား ပီခွန်သည် လူငယ်နှင့် မျက်နှာသစ်ကစားသမားများကို ဦးစားပေးရွေးချယ်ထားပြီး မတ် ၂၉ ရက်တွင် ပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲများလည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းတွင် ပဏာမ ကစားသမားများအဖြစ် ဂိုးသမား- မိုင်းစိုးမြတ်ထွေး (MIU)၊ ကျော်ဇင်မျိုးဦး(YRG)၊ ကျော်ရဲသွေး (YCDC Dream Team)၊ ညီညီသန့်(TG United)၊ ကစားသမား-မင်းခန့်၊ ဆက်ဝေယံ၊ သက်ထွန်း၊ မင်းခန့်သူ၊ ထွန်းအောင်ကျော်(MIU)၊ သိုင်းဘွဲ့အောင်၊ မင်းချစ်သူ၊ မျိုးမင်းလှိုင်၊ ထွန်းထွန်းဝင်း(M2K)၊ အောင်ကျော်ဖြိုး (United City)၊ ဂွါဒီး၊ ဟဲမာဌေး၊ ထူးဝေယံ၊ ညီညီဇော်(Team Lions)၊ ငြိမ်းမင်းစိုး၊ ဂျင်မီစိုး(YCDC Dream Team)၊ ကိုကိုလွင်၊ ထွဋ်ဝေထွန်း၊ လင်းသူရဟိန်း (YRG)၊ ဝေယံဖြိုး၊ ကျော်ဇင်သိန်း (VUC) နှင့် နိုင်ထွန်းလူ (SGF) တို့ ပါဝင်သည်။
၂၀၂၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဧပြီ ၆ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (A)တွင် ထိုင်း၊ ဗီယက်နမ်၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကာ အုပ်စု (B)တွင် အင်ဒိုနီးရှား၊ သြစတြေးလျ၊ မလေးရှား၊ ဘရူနိုင်းအသင်းတို့ ပါဝင် နေသည်။ မြန်မာအသင်းသည် အုပ်စုပဲများအဖြစ် ဧပြီ ၆ ရက်တွင် ဗီယက်နမ်အသင်း၊ ဧပြီ ၇ ရက်တွင် ထိုင်းအသင်း၊ ဧပြီ ၉ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF


