နေပြည်တော် မတ် ၁၇

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၀ ရက်တွင် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု မှန်ပြတောင်အနီး၌ ယာဉ် ၄၆ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၁၃မျိုး၊ လုပ်ငန်းသုံးကုန် ပစ္စည်း ၅၁ မျိုး၊ လျှပ်စစ်ပစ္စည်း ၁၀မျိုး (ခန့်မှန်းတန်ဖိုးငွေ ၁၈၄၂၉၉၂၁၈၈ ကျပ်) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ် ၄၆ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၃၆၈၇၉၉၂၁၈၈ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

 

ထို့ပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၅ ရက် တွင် ဘားအံမြို့နယ် မာလာဖူးကုန်ထုတ်စခန်းအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၀၀၀၀၀) ကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ လည်းကောင်း၊ ဘားအံမြို့နယ် ဒုံသမိတံတား၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် KIA Bongo Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၅၀၀၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် တောင်ငူမြို့နယ်နှင့် ပြည်မြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် သုည ဒသမ ၇၆၄ တန်နှင့် ၄၅ ပေါင်ဝင် မီးသွေး ၆၅၇ အိတ် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၅၁၂၆၁၆ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၆ ရက်နှင့် ၉ ရက်တို့တွင် ဝါးခယ်မမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့အတွင်း၌ တရားမဝင်အခြားသစ် ၂ ဒသမ ၅၆၆တန် (ခန့်မှန်းတန်ဖိုးငွေ ၄၁၆၉၂၈ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၄ ရက်တွင် ပဲခူးမြို့နယ် ဘုရားကြီးမြို့အထွက်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း လေးမျိုး၊ စားသောက်ကုန်ပစ္စည်း နှစ်မျိုး၊ စိုက်ပျိုးရေးသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၂၄၂၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu ELF Truck တစ်စီး၊ Mitsubishi Fuso Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၂၄၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

 

မတ် ၆ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀၈ မှု (ခန့်မှန်းတန်ဖိုးငွေ ၃၈၅၂၂၁၃၇၃၂ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

 

သတင်းစဉ်