တိုကျို မတ် ၁၈

 

အလက်စကာတွင် ရေနံစိမ်းထုတ်လုပ်ရာ၌ ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်နိုင်ငံက စိတ်ဝင်စားကြောင်း အမေရိကန်နှင့် မကြာမီပြုလုပ်မည့် ထိပ်သီးအစည်းအဝေးတွင် ပြောကြားသွားမည်ဟု ဂျပန်နိုင်ငံက မျှော်မှန်းထားသည်။ 

 

အမေရိကန်နှင့် ဂျပန်ထိပ်သီးအစည်းအဝေးပွဲကို မတ် ၁၉ ရက်တွင် အမေရိကန်၌ ပြုလုပ်သွားမည် ဖြစ်သည်။ အလက်စကာ၌ ရေနံစိမ်းထုတ်လုပ်မှုများ တိုးမြှင့်ရာတွင် အမေရိကန်နှင့် အတူတကွ လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ထိပ်သီးအစည်းအဝေးတွင် ဂျပန်အစိုးရက ထုတ်ဖော်ပြောကြားမည်ဟု သတင်းအရင်းမြစ်များက ပြောသည်။

 

ထို့ပြင်တိုးမြှင့်၍ ထုတ်လုပ်လာသော ရေနံစိမ်းများကို ဂျပန်နိုင်ငံသို့တင်ပို့ရန် တောင်းဆိုသွားမည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ဂျပန်နိုင်ငံသည် လတ်တလောဖြစ်ပေါ်နေသည့် အရှေ့အလယ်ပိုင်း ပြဿနာများကြောင့် ရေနံတင်သွင်းမှုအပေါ် စိုးရိမ်မှုများ ကြီးထွားလာသည်။ ဂျပန်နိုင်ငံသည် ရေနံစိမ်းအတွက် အရှေ့အလယ်ပိုင်းဒေသအပေါ် အလွန်အမင်း မှီခိုအားထားနေရသည်။ ဂျပန်နိုင်ငံသို့ ရေနံတင်ပို့မှု ပိုမိုလုပ်ဆောင်နိုင်ရန် ရေနံတင်ဆိပ်ကမ်းကဲ့သို့ အခြေခံအဆောက်အအုံများကို နှစ်နိုင်ငံစလုံးက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

 

မျိုးဆက်သစ် နျူကလီးယားဓာတ်ပေါင်းဖိုများကိုလည်း စဉ်းစားလျက်ရှိသည်။ ထိပ်သီးအစည်းအဝေးမတိုင်မီ ဂျပန်နှင့်အမေရိကန် အရာရှိများသည် အသေးစိတ် အချက်အလက်များကို ညှိနှိုင်းဆောင်ရွက်သွားဖွယ်ရှိသည်။

 

အင်န်အိတ်ချ်ကေ