ဟနွိုင်း မတ် ၁၈
အရှေ့တောင်အာရှ၌ ရေနံစိမ်းထောက်ပံ့မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးမြင့်လာချိန်တွင် ဗီယက်နမ်က ဂျပန်ထံမှ အရန်ရေနံများ တောင်းဆိုလိုက်သည်။
ဝန်ကြီးချုပ် ဖန်မင်ချင်းသည် မြို့တော်ဟနွိုင်းတွင် မတ် ၁၇ ရက်က ဂျပန်သံအမတ်ကြီး အိုင်တိုနာအိုကီနှင့် တွေ့ဆုံခဲ့သည်ဟု ဗီယက်နမ်အစိုးရပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်က အစည်းအဝေးအတွင်း အရှေ့အလယ်ပိုင်းအခြေအနေများကို ရည်ညွှန်းကိုးကားပြီး ရေနံစိမ်းထောက်ပံ့မှုအပေါ် အကျိုးသက်ရောက်မှုရှိသည်ဟု ပြောကြားခဲ့သည်။ အကူအညီတောင်းရန် ဂျပန်ဝန်ကြီးချုပ် တာကာအိချီ ဆာနာအဲထံ စာတစ်စောင် ရေးသားပေးပို့ခဲ့သည်ဟု ၎င်းကပြောသည်။
ချင်းက ဂျပန်နိုင်ငံမှ ထုတ်ပေးနေသည့် အရန်ရေနံတစ်စိတ်တစ်ပိုင်းကို ဗီယက်နမ်နိုင်ငံသို့ပေးရန် ဂျပန်သံအမတ်အား တောင်းဆိုခဲ့သည်။ ဂျပန်နိုင်ငံသည် ရေနံစည်ပေါင်း သန်း ၈၀ ဝန်းကျင်ကို စတင်ထုတ်ပေးနေပြီ ဖြစ်သည်။
ဗီယက်နမ်က တင်သွင်းသည့် ရေနံစိမ်းအများစုသည် အရှေ့အလယ်ပိုင်းမှဖြစ်သည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အကျိုးသက်ရောက်မှုများကို ဗီယက်နမ်နိုင်ငံအနေဖြင့် တွေ့မြင်လျက်ရှိသောကြောင့် အချို့သော ဓာတ်ဆီဆိုင်များတွင် စက်သုံးဆီရောင်းချမှုကို ခေတ္တရပ်ဆိုင်းထားသည်။
ဗီယက်နမ်သည် ရေနံစိမ်းနှင့် လေယာဉ်လောင်စာဆီများ ဖူလုံစေရန် တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ အကူအညီများကိုလည်း တောင်းခံထားသေးကြောင်း သိရသည်။
ဆင်ဟွာ


