တိုကျို မတ် ၁၈

 

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ပင်တားမြစ်ထားသည့်အတွက် ရေနံတင်သင်္ဘောအချို့နှင့် အခြားရေကြောင်း သယ်ယူပို့ဆောင်ရေးယာဉ်များသည် အဆိုပါလမ်းကြောင်းကို အသုံးပြုမည့်အစား ပင်လယ်နီလမ်းကြောင်းကို အသုံးပြုနေကြောင်း သင်္ဘောလုပ်ငန်းဆိုင်ရာ ကြားခံအဖွဲ့အစည်း တစ်ခုက ပြောသည်။

 

တိုကျိုအခြေစိုက် Atlas ကုမ္ပဏီသည် ဂျပန်နိုင်ငံအတွင်းနှင့် ပြင်ပရှိ သင်္ဘောကုမ္ပဏီများ၏ ရေကြောင်းသွားလာရေးဆိုင်ရာ အချက်အလက်များကို လေ့လာစစ်တမ်းကောက်ယူလျက်ရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရန်ဘူဆိပ်ကမ်း၌ ရေနံစိမ်းနှင့် အခြားကုန်စည်များ တင်ဆောင်ပြီး လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်မှ စတင်ကာ နိုင်ငံခြားအလံတင်သင်္ဘောများက ပင်လယ်နီကို ဖြတ်သန်းသွားလာသည့် ရွေးချယ်စရာလမ်းကြောင်းသစ်အဖြစ် အသုံးပြုသည့် ဖြစ်စဉ်များ ရှိနေသည်ဟု အဆိုပါကုမ္ပဏီက ပြောသည်။

 

ရေနံစိမ်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အနှောင့်အယှက်အဟန့်အတားများ ဖြစ်ပေါ်လာနိုင်သည် ဟူသော စိုးရိမ်ပူပန်မှုများကြောင့် သင်္ဘောကုန်စည်ခများသည် ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် အချို့သင်္ဘောကုမ္ပဏီများသည် အန္တရာယ်ရှိနိုင်သော ပင်လယ်နီလမ်းကြောင်းကို စွန့်စား၍ အသုံးပြုသည်ဟု ယူဆရကြောင်း သိရသည်။

 

ဂျပန်သင်္ဘောကုမ္ပဏီများသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့ကို ဖြတ်သန်းအသုံးပြုခြင်း ဆိုင်းငံ့ထားသည်။ ထို့အပြင် ပင်လယ်နီလမ်းကြောင်းကို ဖြတ်သန်းအသုံးပြုသော သယ်ယူပို့ဆောင်ရေးယာဉ်များသည် ဟူသီအဖွဲ့၏ တိုက်ခိုက်မှုများအပေါ် မူတည်၍ သွားလာရေးအခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း အဆိုပါကုမ္ပဏီက ထပ်လောင်းပြောကြားသည်။

 

အင်န်အိတ်ချ်ကေ