ရီယိုဒီဂျနေးရိုး မတ် ၁၉
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ပါရာဘာပြည်နယ် ပိုမ်ဘယ်မြို့ရှိ ပီဇာမုန့်ဆိုင်၌ ပီဇာစားပြီးနောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတင်ထားရကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့တွင် ပြောကြားသည်။
အစာအဆိပ်သင့်သူအားလုံးကို မတ် ၁၆ ရက်တွင် ပိုမ်ဘယ်မြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်းနှင့် အထွေထွေနာမကျန်းခြင်းအပါအဝင် အလားတူ လက္ခဏာများ ခံစားရပြီးနောက် လူ ၁၀၀ ကျော်သည် ဆေးကုသမှုခံယူခဲ့ကြသည်။ မတ် ၁၅ ရက် ညပိုင်းတွင် အဆိုပါပီဇာစားသောက်ဆိုင်တွင် ပီဇာများမှာယူစားသောက်ခဲ့ကြောင်း လူနာများက ပြောကြား သည်။ ကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ ယနေ့အထိ ရှစ်နှစ်အရွယ် ကလေးတစ်ဦးသာ ဆေးရုံတက်နေရဆဲဖြစ်ပြီး ကျန်လူနာအားလုံး ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးအာဏာပိုင်များက အစားအသောက်နမူနာများကို ခွဲခြမ်းစိတ်ဖြာရန်အတွက် နမူနာရယူထားပြီး ပီဇာဆိုင်ကို ယာယီပိတ်ထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


