ရန်ကုန် မတ် ၂၀
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းအား သဘာပတိအဖြစ် အဆိုတင်သွင်းပြီး ကြည့်မြင်တိုင် မြို့နယ်မဲဆန္ဒနယ်မှ ဒေါ်တင်ထွန်းဦးက ထောက်ခံသည့်အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းကို သဘာပတိအဖြစ် တင်မြှောက်ကြောင်း အခမ်းအနားမှူးက ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်တစ်ဦးတည်းကို အဆိုပြုမှုရှိခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ ကြသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုးအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရ ကြောင်း သဘာပတိကကြေညာပြီး သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပြီးနောက် သဘာပတိက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်ထံ တာဝန်လွှဲအပ် ကာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
အစည်းအဝေးစတင်သည့်နေ့၌ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး တက်ရောက် ကြောင်း သိရသည်။
သတင်းစဉ်


