ပွင့်ဖြူ မတ် ၂၂

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကြက်သွန်နီ ဧက ၉၆၀နှင့် ကြက်သွန်ဖြူ ဧက ၂၀ အထိ နုတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်နီ ၁၁၃၅ ဧက၊ ကြက်သွန်ဖြူ ၃၈ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူစိုက်ခင်းများကို ဒေသခံတောင်သူများက ယခုနှစ် ဖေဖော်ဝါရီလမှ စတင်နုတ်သိမ်းခဲ့ရာ ယနေ့တွင် ကြက်သွန်နီ ဧက ၉၆၀နှင့် ကြက်သွန်ဖြူ ဧက ၂၀ အထိ နုတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းအနေဖြင့် ကြက်သွန်နီ တစ်ဧကလျှင် ၅၅၀၈ ပိဿာနှင့် ကြက်သွန်ဖြူ တစ်ဧကလျှင် ၃၀၀၆ ပိဿာထွက်ရှိသည်။

 

“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ ၁၁၃၅ ဧကနဲ့ ကြက်သွန်ဖြူ ၃၈ ဧကတို့ စိုက်ပျိုးနိုင်ခဲ့တယ်။ လက်ရှိမှာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ စိုက်ခင်းတွေကို သိမ်းဆည်းလျက်ရှိပြီး ဒီနေ့အထိ ကြက်သွန်နီ ဧက ၉၆၀၊ ကြက်သွန်ဖြူ ဧက ၂၀ နုတ်သိမ်းပြီးစီးပြီဖြစ်တယ်။ ကြက်သွန်စိုက်ပျိုး တောင်သူတွေကို အထွက်နှုန်းတိုးတက်စေဖို့နဲ့ စားသုံးသူပြည်သူတွေ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်၊ ဓာတုကင်းလွတ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်နဲ့အညီ စိုက်ပျိုးနိုင်အောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောသည်။

 

ယခုနှစ် ဆောင်းသီးနှံရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်စိုက်ပျိုးတောင်သူများကို စိုက်ပျိုး ရေးဦးစီးဌာနအနေဖြင့် အထွက်နှုန်းများ ကောင်းမွန်စေရေး၊ အစားအစာ ဘေးကင်းလုံခြုံသော အရည်အသွေးကောင်း ကြက်သွန်များ စိုက်ပျိုးထွက်ရှိရေးအတွက် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်စေရေး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ ပိုးမွှားရောဂါ မကျရောက်စေရန် ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ကြက်သွန်ကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကြက်သွန် (ဖြူ/နီ) ကို ပိုမိုစိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက ပြောသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)