ဗီယင်ကျန်း မတ် ၂၂
လာအိုနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများကြောင့်ဖြစ်လာသည့် မီးခိုးမြူငွေ့လျှော့ချရေးလုပ်ငန်း အစီအစဉ်များနှင့်ပတ်သက်၍ လာအိုနိုင်ငံ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အမျိုးသားအဆင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
မီးခိုးမြူငွေ့ကင်းစင်သော ရေရှည်တည်တံ့သည့် မြေယာစီမံခန့်ခွဲမှုအတွက် အမျိုးသားရင်းနှီးမြှုပ်နှံမှု မူဘောင်ဖော်ဆောင်ရေးဆိုင်ရာ ဒုတိယအကြိမ်မြောက် အမျိုးသားအဆင့်ညှိနှိုင်းဆွေးနွေးပွဲကို လာအိုနိုင်ငံ ဗီယင်ကျန်းတွင် ကျင်းပခဲ့ကြောင်း ၎င်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးလုပ်ငန်းကြောင့် ဖြစ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ဦးစားပေးစီမံကိန်းများနှင့် အစီအစဉ်များကို ဆွေးနွေးသည်။
မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမူဘောင်ကို လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အတည်ပြုဆောင်ရွက်မည်ဖြစ်သည်။
ယခုဆောင်ရွက်ချက်သည် လာအိုနိုင်ငံတွင် မီးခိုးမြူငွေ့ကင်းစင်သော ရေရှည်တည်တံ့သည့် မြေယာစီမံခန့်ခွဲမှုအတွက် အာဆီယံရင်းနှီးမြှုပ်နှံမှု မူဘောင်နှင့် ကိုက်ညီသော အမျိုးသားရင်းနှီးမြှုပ်နှံမှု မူဘောင်တစ်ခုဖော်ဆောင်ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ


