ကွာလာလမ်ပူ မတ် ၂၂
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အပူချိန်ဆက်တိုက်မြင့်တက်နေသောကြောင့် မလေးရှားမိုးလေဝသဌာနက မလေးရှားကျွန်းဆွယ် အထူးသဖြင့် နိုင်ငံမြောက်ပိုင်းဒေသ ၁၂ ခုအတွက် မတ် ၂၂ ရက်တွင် အပူချိန်သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
မိုးလေဝသဌာနသည် မြောက်ပိုင်းပြည်နယ်များရှိ အချို့ဒေသများအတွက် Level 1 အဆင့် အပူချိန်သတိပေးချက်ကို ထုတ်ပြန်ထားပြီး သုံးရက်ဆက်တိုက် အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယပ်နှင့် ၄၀ ဒီဂရီ ဆဲလ်စီးယပ်ကြားရှိသော ကဒါးပြည်နယ်ရှိ ပါဒါန်းတီရပ် ခရိုင်အတွက် Level 2 အဆင့် အပူချိန် သတိပေးချက်ကို ထုတ်ပြန်ထားသည်။
နေ့စဉ်အမြင့်ဆုံးအပူချိန်သည် သုံးရက်ထက်မနည်း ၃၅ ဒီဂရီဆဲလ်စီးယပ်နှင့် ၃၇ ဒီဂရီ ဆဲလ်စီးယပ်ကြားရှိပါက Level 1 အဆင့် သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်သူလူထုအနေဖြင့် နောက်ဆုံးရ မိုးလေဝသသတင်းအချက်အလက်များကို အမြဲမပြတ်စောင့်ကြည့်ကြရန်လည်း တိုက်တွန်းထားသည်။
ဆင်ဟွာ


