ဂျီနီဗာ    မတ်     ၂၃

ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များသည်  လက်ရှိအချိန်တွင် အဆိုးရွားဆုံးဖြစ်ပွားနေပြီး    ၎င်းကဲ့သို့ ဖြစ်လာရခြင်းမှာ ကမ္ဘာပေါ်တွင်  ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု များပြားလာသည်နှင့်အမျှ  လေထုနှင့် သမုဒ္ဒရာများ ပူနွေးလာခြင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့က    မတ် ၂၂  ရက်တွင် ပြောကြားသည်။

မတ် ၂၃ ရက်တွင်  ကျရောက်သည့် ကမ္ဘာ့မိုးလေဝသနေ့တွင်   ကမ္ဘာ့မိုးလေဝသအဖွဲ့က ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသအခြေအနေဆိုင်ရာ မှတ်တမ်းကို ထုတ်ပြန်ခဲ့ရာတွင်  ကမ္ဘာပေါ်တွင် လက်ရှိအချိန်၌ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားလာခြင်း၊ ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင် များ ပူနွေးလာခြင်းနှင့် ရေခဲများအရည်ပျော်ခြင်းစသည့် ဖြစ်စဉ်များ အများအပြားဖြစ်ခဲ့ပြီး မှတ်တမ်းများအရ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကြားကာလသည် ကမ္ဘာကြီးတွင် အပူဆုံးကာလများအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း  ၎င်းမှတ်တမ်းအရ သိရသည်။ လက်ရှိအချိန်တွင်  ကမ္ဘာကြီး၌ အပူချိန်မြင့်မားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အပူပိုင်းမုန်တိုင်းများ တိုက်ခတ်ခြင်းတို့ကြောင့် လူမှုအသိုင်းအဝိုင်းများ ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း သမုဒ္ဒရာများသည် လူသားတို့နှစ်စဉ်  သုံးစွဲနေသည့် စွမ်းအင်ပမာဏထက် ၁၈ ဆ ပိုမိုသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူခဲ့ကြကြောင်း သိရသည်။ ကမ္ဘာကြီးတွင် စွမ်းအင်ထုတ်လွှတ်သုံးစွဲမှုမညီမျှခြင်းနှင့်အတူ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားလာပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ အများအပြားဖြစ်လာရကြောင်းနှင့်  ၂၀၂၅ ခုနှစ်တွင်   ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာမြင့်တက်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ