မတ် ၂၄
တွန်ဂါနိုင်ငံ နီယာဖူမြို့ အနောက်ဘက် ၁၆၆ ကီလိုမီတာအကွာတွင် ယနေ့ ဒေသစံတော်ချိန် ၁၇ နာရီ ၃၇ မိနစ်က ပြင်းအား ၇ ဒသမ ၅ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က ပြောကြားခဲ့သည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု သတင်းများကို ချက်ချင်းမသိရသေးကြောင်း ဖော်ပြထားသည်။
ငလျင်ဗဟိုချက်သည် အနက် ၂၂၉.၅ ကီလိုမီတာရှိပြီး တောင်လတ္တီတွဒ် ၁၈ ဒသမ ၆၆၈ ဒီဂရီနှင့် အနောက်လောင်ဂျီတွဒ် ၁၇၅ ဒသမ ၅၆၀ ဒီဂရီတွင် ရှိကြောင်း ကနဦးဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ပစိဖိတ်ဆူနာမီသတိပေးစင်တာသည် ဆူနာမီသတိပေးချက်ကို ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
ဖီဂျီ၊ တွန်ဂါနှင့် ဗာနူအာတူကဲ့သို့သော ပစိဖိတ်ကျွန်းနိုင်ငံများသည် ပစိဖိတ် မီးကွင်းဟုခေါ်သော ငလျင်နှင့် မီးတောင်ဇုန်များတွင်တည်ရှိပြီး မကြာခဏ ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


