တောင်ကြီး မတ် ၂၅
ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစား
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် Aung United အသင်းနှင့် HTI PHOUNG FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ HTI PHOUNG FC အသင်းက Aung United အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက အကောင်းဆုံး ဂိုးသမားဆုရရှိသူ အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကိုလည်းကောင်း၊ ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိ သူများအား ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က ဒုတိယဆုရရှိသော Aung United အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပထမဆုရရှိသော HTI PHOUNG FC အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ HTI PHOUNG FC အသင်းအား ငွေသားဆုကျပ်သိန်း ၅၀ နှင့် တံခွန်စိုက်ဆုဖလားတို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


