မတ် ၂၆
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၏ အစိတ်အပိုင်းအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပွားခဲ့ရာ လူနှစ်ဦးထက်မနည်း သေဆုံးပြီး ပျက်စီးမှုများပြားခဲ့ကြောင်း ဒေသခံမီဒီယာ Ariana News က ယမန်နေ့က ဖော်ပြခဲ့သည်။
အဆိုပါရေကြီးမှုများသည် ပြည်နယ်မြို့တော် ကန်ဒါဟာမြို့အပြင် ခရိုင်အတော်များများကို ထိခိုက်စေခဲ့ပြီး လူနေအိမ် ၈၅ လုံးထက်မနည်းပျက်စီးခဲ့ပြီး ဒေသတွင်းအခြေခံအဆောက်အအုံများနှင့် စိုက်ပျိုးရေး လုပ်ငန်းများ သိသိသာသာပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိခိုက်ခံရသောဒေသများသို့ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ပြီး ပျက်စီးဆုံးရှုံးမှုအကဲဖြတ်မှုများ ဆက်လက်ဆောင်ရွက်ကာ အရေးပေါ်အကူအညီများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။
တောင်တန်းဒေသများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ခြေရှိသော ဒေသများတွင် နောက်ထပ်ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာကာ လာမည့်ရက်များအတွင်း မိုးရွာသွန်းမှုထပ်မံဖြစ်ပွားနိုင်သဖြင့် မိုးလေဝသဌာနက သတိပေးချက်အသစ်များထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


