ဗီယင်ကျန်း   မတ်   ၂၆

လာအိုနိုင်ငံတစ်ဝန်း၌ လေထုညစ်ညမ်းမှုဖြစ်ပွားကာ ကျန်းမာရေးထိခိုက်နိုင်သောအဆင့်သို့ ရောက်ရှိခဲ့ကြောင်း လာအိုနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လေထုညစ်ညမ်းမှုအခြေအနေသည် နေရာအချို့တွင် PM 2.5 အမှုန်ပါဝင်မှုပမာဏ တစ်ကုဗမီတာလျှင် ၁၀၀ မိုက်ခရိုဂရမ်ထက် ကျော်လွန်ခဲ့ပြီး ၎င်းသည် စိုးရိမ်ရသောအဆင့် (၅၀ မိုက်ခရိုဂရမ်)ထက် နှစ်ဆပိုများနေသည်။

လာအိုနိုင်ငံတောင်ပိုင်း ချမ်ပါဆက်ပြည်နယ်တွင် အမှုန်ပါဝင်မှုပမဏသည် တစ်ကုဗမီတာလျှင် ၁၂၃ မိုက်ခရို ဂရမ်သို့ရောက်ရှိပြီး   လောင်ပရာဘန်၊ ဆာလာဗန်နှင့် အာတာပူပြည်နယ်များတွင်လည်း အမှုန်ပါဝင်မှုပမဏ တစ်ကုဗမီတာလျှင် ၁၀၀ မိုက်ခရိုဂရမ်သို့ ကျော်လွန်၍ ကျန်းမာရေးနှင့်မညီညွတ်သော အဆင့်များသို့ ရောက်ရှိနေကြောင်း သိရသည်။

လေထုအတွင်းရှိ PM 2.5 အမှုန်သည် အဆုတ်အတွင်းစိမ့်ဝင်ကာ  သွေးကြောများအတွင်းသို့ ဝင်ရောက်နိုင်ပြီး အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေသည်။

လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးဆိုင်ရာအစီအမံများ အားကောင်းစေရန် လာအိုစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်မှ ဧပြီလအတွင်း တောမီးများအတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါသတိပေးချက်တွင် မီးလောင်မှုအပေါ် ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ရန်၊ မီးလောင်မှုကို ပိုမိုမြန်ဆန်စွာ သိရှိနိုင်စေရန်နှင့် ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ