ဘန်ကောက် မတ် ၂၆
ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်နေချိန်တွင် လောင်စာဆီအမျိုးအစားအားလုံး တစ်လီတာလျှင် ၆ ဘတ်(အမေရိကန်ဒေါ်လာ ၀.၁၈ ဒေါ်လာခန့်) တိုးလာခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏ ရေနံလောင်စာရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီသည် ဒီဇယ်နှင့်ဓာတ်ဆီအတွက် ထောက်ပံ့ကြေးများကို လျှော့ချရန်အတည်ပြုခဲ့သည်။
မတ် ၂၆ ရက်မှစတင် အကျုံးဝင်ခဲ့သည့် စျေးနှုန်းညှိနှိုင်းမှုသည် နိုင်ငံတကာလောင်စာဆီဈေးနှုန်းများ သိသိသာသာမြင့်တက်စေခဲ့သည့် အရှေ့အလယ်ပိုင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ ပြုပြင်ပြောင်းလဲမှုသည် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာပြီဖြစ်သည့် အိမ်နီးချင်းနိုင်ငံများ၏ လောင်စာဆီဈေးနှုန်းများနှင့် ဈေးကွာဟမှုမရှိစေရန် ညှိနှိုင်းထားပေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဥပမာအားဖြင့် စင်ကာပူဈေးကွက်တွင် ဒီဇယ်ဈေးနှုန်းများသည် သိသိသာသာ မြင့်တက်လာခြင်းက ထိုင်းနိုင်ငံ၏ ပြည်တွင်းလောင်စာဆီ စျေးနှုန်းအပေါ် ဖိအားဖြစ်စေခဲ့သည်။
လောင်စာဆီစျေးနှုန်း မြင့်တက်မှုမရှိအောင် ထိန်းသိမ်းထားခြင်းက နယ်စပ်ဖြတ်ကျော် မှောင်ခိုရောင်းဝယ်မှုနှင့် သိုလှောင်မှုအပေါ် စိုးရိမ်မှုများမြင့်တက်လာစေပြီး နိုင်ငံတော်၏ သယံဇာတများကို ပိုမိုထိခိုက်စေနိုင်သည်ဟု အစိုးရခေါင်းဆောင်များက သတိပေးထားသည်။
ဆီဈေးတည်ငြိမ်အောင် ထိန်းပေးသည့် ရေနံလောင်စာရန်ပုံငွေမှ တစ်ရက်လျှင် ဘတ်ငွေ ၂ ဒသမ ၅ ဘီလီယံကျော်အထိ ထောက်ပံ့ကြေးစရိတ်များကို စိုက်ထုတ်ထောက်ပံ့ပေးနေရသည့်အတွက် ၎င်း၏ ဘဏ္ဍာရေးအခြေအနေအပေါ် ဖိအားပေးသကဲ့သို့ဖြစ်နေသဖြင့် ရေရှည်တွင် စျေးနှုန်းထိန်းချုပ် စီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များက စီမံဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ


