နယူးဒေလီ မတ် ၂၈
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက လူဦးရေအများဆုံး ဥတာပရာဒေ့ရှ်ပြည်နယ် ဂျီဝါမြို့ရှိ နွိုင်ဒါ နိုင်ငံတကာလေဆိပ်ကို ယနေ့ဖွင့်လှစ်ခဲ့သည်။
နိုင်ငံ၏ လေကြောင်းလုပ်ငန်းကို အရှိန်အဟုန် ဖြင့်ချဲ့ထွင်ရန် တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်း အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နွိုင်ဒါအပြည်ပြည်ဆိုင်ရာလေဆိပ်သည် နယူးဒေလီမြို့တော်မှ ၇၅ ကီလိုမီတာအကွာတွင် တည်ရှိ သည်။
တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းကို ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ခရီးသည် သန်း ၇၀ အထိ တိုးလာ နိုင်ဖွယ်ရှိသည်။
အချိန်နှင့်အမျှ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှုနှင့်အတူ ကုန်တင်ကုန်ချလုပ်ငန်းများကိုလည်း ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်သည်။
အိန္ဒိယ၏ လျင်မြန်စွာ ကြီးထွားတိုးတက်နေသော စီးပွားရေးနှင့် ၎င်း၏ လူဦးရေ ၁ ဒသမ ၄ ဘီလီယံ ရှိခြင်းအတူ ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားများ အပါအဝင် ကမ္ဘာ့စတုတ္ထအကြီးဆုံး လေကြောင်း ဈေးကွက်ဖြစ်လာရန် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်သည်။
လေဆိပ်သည် ပိုမိုကျယ်ပြန့်သော ဒေလီဒေသ သို့ တံခါးပေါက်တစ်ခုဖြစ်လာရန် မျှော်လင့်ကြောင်း နှင့် အပြည့်အဝလည်ပတ်ပြီးသည်နှင့် နှစ်မိနစ်တိုင်း လေကြောင်းပျံသန်းမှုတစ်ခု ထွက်ပေါ်လာမည်ဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။
လေဆိပ်ပေါ်ထွက်လာခြင်းကြောင့် လယ်သမားများ၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ပြီး အနောက်ဥတာပရာဒေ့ရှ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်းလည်း မိုဒီကပြောကြားခဲ့သည်။
ယခုဖွင့်လှစ်ခဲ့သည့် အဆိုပါလေဆိပ်သည် ၎င်းနှင့် ၁၅ ကီလိုမီတာအကွာရှိ အင်ဒီရာဂန္ဒီ အပြည်ပြည် ဆိုင်ရာလေဆိပ်၏ လေကြောင်းလုပ်ငန်းစဉ်များကို ဖြည့်စွက်ဆောင်ရွက်ပေးမည်ဖြစ်သည်။
လေဆိပ်နှစ်ခုကို ပေါင်းစည်းထားသော လေကြောင်းစနစ်တစ်ခုအနေဖြင့် လုပ်ဆောင်မည် ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်း၊ ခရီးသည်ပမာဏကို ပိုမိုများပြားစွာဝန်ဆောင် မှုပေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းအချက် အချာနေရာများကြားတွင် ဒေလီ NCR (National Capital Region) အဖြစ် တည်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။
မိုဒီသည် ၂၀၁၄ ခုနှစ်တွင် အာဏာရလာချိန်မှ စ၍ လေကြောင်းလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးလုပ်ဆောင်ခဲ့ပြီး မြို့ငယ်များအကြား လေကြောင်းဆက်သွယ်မှု မြှင့်တင်ရန် တွန်းအားပေးလုပ်ဆောင်ခဲ့သည်။
လေဆိပ်အရေအတွက်သည် ၂၀၁၄ ခုနှစ်တွင် ၇၄ ခုရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၁၅၇ ခုအထိ လွန်ခဲ့ သည့် ဆယ်စုနှစ်အတွင်း နှစ်ဆကျော်တိုးလာခဲ့ကြောင်း လေကြောင်းဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အောင်ကျော်ကျော်


