ဖနောင်ပင်   မတ်   ၂၉

ကမ္ဘောဒီးယားနိုင်ငံက အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီဈေးမြင့်တက်မှု၏ သက်ရောက်မှုကို လျော့ပါးစေရန်အတွက် လျှပ်စစ်မော်တော်ကား၊ လျှပ်စစ်မီးဖိုများနှင့် ဆိုလာစွမ်း အင်သုံး စက်ပစ္စည်းများအပေါ် တင်သွင်းခွန်များကို လျှော့ချရန် ယမန်နေ့က ဆုံးဖြတ်ခဲ့သည်။

အစိုးရက ခရီးသည်တင် လျှပ်စစ်မော်တော်ကားများ၊ လျှပ်စစ်မီးဖိုနှင့် မီးဖိုချောင်သုံးပစ္စည်းများအပေါ် တင်သွင်းခွန် ၃၅ ရာခိုင်နှုန်းမှ သုည ရာခိုင်နှုန်းအထိ လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း အကောက်ခွန်နှင့် ယစ်မျိုးဦးစီးဌာနက ပြောကြားသည်။

ထို့ပြင် ခရီးသည်တင် ဟိုက်ဘရစ်လျှပ်စစ်ကားများအတွက် တင်သွင်းခွန် ၃၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့  လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဘက်ထရီများ၊ လျှပ်စစ်ထမင်းပေါင်းအိုးများနှင့် ဆိုလာမီးအိမ်များအပေါ် တင်သွင်းခွန်များ ကို ၇ ရာခိုင်နှုန်းမှ သုညရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။

အလားတူ ဟိုက်ဘရစ် လျှပ်စစ်ကားများ၊ ဆိုလာစွမ်းအင်စနစ်၊ လီသီယမ်ဘက်ထရီများ၊ လျှပ်စစ်မီးဖိုများနှင့် လျှပ်စစ်ရေနွေးအိုးများအတွက် တင်သွင်းခွန် ၁၅ ရာခိုင်နှုန်းမှ သုည ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။

အကောက်ခွန်နှုန်းထားအသစ်များသည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ  စတင်အသက်ဝင်မည်ဖြစ်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်