ပင်ဂွင်းများသည် သက်တမ်းနှစ် ၂၀ မှ ၄၀ အထိရှိသောကြောင့် လူသားတို့၏ သက်တမ်းနှင့် နှိုင်းယှဉ်ပြီး လေ့လာမှုများလုပ်ခဲ့ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုတွေ့ရှိမှုအသစ်တစ်ခုက တိရစ္ဆာန်ရုံထဲမှ ပင်ဂွင်းများသည် သဘာဝအတိုင်းနေထိုင်ရသော ပင်ဂွင်းများထက် ပိုပြီး မြန်မြန်အိုလာသော်လည်း အသက်ပိုရှည်ကြကြောင်းတွေ့ရှိခဲ့သည်။

ထိုစာတမ်းကို ဦးဆောင်ရေးသားသူ ဟယ်ဆင်ကီးတက္ကသိုလ်မှ ရော်ဘင်ခရစ္စတိုဖာရီက “ကောင်းကောင်းနေ၊ ကောင်းကောင်းစားရတယ်။ တစ်ကောင်ချင်းစီကိုလည်း သီးခြား ဂရုတစိုက်စောင့်ရှောက်ထားတယ်။ ဒါပေမဲ့ ဘာလို့ အခုလို ပိုပြီးမြန်မြန်အိုမင်းရတာလဲဆိုတာကို ကျွန်တော်တို့ လေ့လာနေတာပါ”ဟု ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တိရစ္ဆာန်ရုံနှင့် စပိန်နိုင်ငံ လော်ရိုတိရစ္ဆာန်ရုံတို့မှ ပင်ဂွင်းများသည် ခေတ်သစ်လူသားတို့၏ လူနေမှုပုံစံအတိုင်း နေထိုင်ကြရသည့်အပြင် ခေတ်သစ်လူသားတို့လို လူမှုစီးပွားရေး ပြဿနာများနှင့် ရင်ဆိုင်ရခြင်းလည်း မရှိကြပေ။ သို့သော် အရိုင်းသဘာဝအတိုင်းနေထိုင်သည်ထက် အိုမင်းရင့်ရော်မှု ပိုမိုမြန်ဆန်ခြင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။

“တိရစ္ဆာန်ရုံထဲက အသက် ၁၅ နှစ်သား ပင်ဂွင်းတစ်ကောင်ရဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်းနေတဲ့ အသက် ၂၀ အရွယ် ပင်ဂွင်းတစ်ကောင်လိုမျိုး  ရင့်ရော်နေတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အသက်ကျတော့ ပိုပြီးရှည်ကြတယ်။ ခန္ဓာကိုယ်မကြံ့ခိုင်ပေမယ့် သားရဲတွေမရှိတာ၊ မုန်တိုင်းတွေမရှိတာတွေကြောင့် အသက်ပိုရှည်ကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု တွဲဖက်သုတေသီ စီလင်း လာဘိုဟက်က ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုရှိလျှင် အသက်ရှည်သည်။ သို့သော် အသက်ရှည်တိုင်း ကျန်းမာသည်မဟုတ်ဆိုသည့်အချက်ကို လူသားတို့အား ပင်ဂွင်းတို့က သင်ခန်းစာပေးနေခြင်းဖြစ်ကြောင်း ဇူးရစ်တိရစ္ဆာန်ရုံမှ သုတေသီ လေလာဒေးဗစ်က ကောက်ချက်ချခဲ့သည်။ “ဒီပင်ဂွင်းတွေကို ကျွန်မတို့ အစားလျှော့စားပြီး လေ့ကျင့်ခန်းပိုလုပ်ခိုင်းနေပါတယ်။ ပေါကြွယ်ဝတဲ့ကမ္ဘာမှာ သင့်လျော်တဲ့ နေထိုင်မှုပုံစံတစ်ခုရှိဖို့က အရေးကြီးတယ်မဟုတ်လား။ ကျွန်မတို့လူသားတွေအတွက်လည်း အဲဒီလိုပဲလေ”ဟု သူက ဆက်ပြောခဲ့သည်။

Ref: scitechdaily.com