ကဘူးလ် မတ် ၂၉
အာဖဂန်နစ္စတန်နိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် ၁၇ ဦးထက်မနည်း သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က မတ် ၂၉ ရက်တွင် ကြေညာသည်။
ပါဝန်၊ ဒေကွန်ဒီ၊ ဝါဒက်ခ်နှင့် လိုဂါပြည်နယ်များအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း မိုးသည်း ထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးနစ်မြုပ်မှုများ၊ မြေပြိုမှုများ၊ မိုးခြိမ်းမှုနှင့် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟာဖက်ဇ် မိုဟာမက် ယူဆက်ဖ် ဟမ်မက်က ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံရှိ ရေဘေးသင့်ပြည်နယ်များတွင် ရေကြီးနစ်မြုပ်မှုကြောင့် နေအိမ် ၁၄၇ လုံးပျက်စီးပြီး လမ်း ၈၀ ကီလိုမီတာ ပျက်စီးခဲ့သည်။ စိုက်ပျိုးမြေ ၅၈၂ ဧက ပျက်စီးခဲ့ပြီး ရေမြောင်းနှင့် ဆည်မြောင်းစနစ် ၃၁ ခု ရေကြီးနစ်မြုပ်ခဲ့ကြောင်း ဟမ်မက်က ပြောကြားသည်။ အာဖဂန်နစ္စတန် မိုးလေဝသအာဏာပိုင်အဖွဲ့က လာမည့်ရက်များအတွင်း မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပွားနိုင်သည့် သတိပေးချက်သစ်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ဆင်ဟွာ


