ရန်ကုန် မတ် ၃၀
၂၀၂၇ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲကို မတ် ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် ပါကစ္စတန်အသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။
ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းတို့သည် မတ် ၃၁ ရက်တွင် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့ရှိ ဂျန်နင်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် ပါကစ္စတန်အသင်းနှင့် တွေ့ဆုံ သည့် ပထမအကျော့ပွဲတွင် အိမ်ကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။ အုပ်စု(E)တွင် ဆီးရီးယားအသင်းက ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်သောကြောင့် ယခုပွဲရလဒ်မှာ နှစ်သင်းစလုံးအတွက် ခြေစစ်ပွဲအောင်မြင်ရေး အရေးမပါသော်လည်း ကမ္ဘာ့အဆင့်ရပ်တည်မှုအတွက် အရေးပါနေပြီး မြန်မာအသင်းမှာလည်း ပါကစ္စတန်ကို နှစ်ကျော့စလုံး အနိုင်ကစားနိုင်ရန် ကြိုးစားကစားမည်ဖြစ်သည်။
မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရသည့်ပွဲ လူစာရင်းမှ တစ်ဦးသာ အပြောင်းအလဲပြုလုပ်ထားပြီး ယခုပွဲကို ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားသည်။ မြန်မာအသင်းသည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲတွင် ငါးပွဲကစား ကိုးမှတ်၊ ပါကစ္စတန် အသင်းက ငါးပွဲကစား နှစ်မှတ်ရရှိထားသည်။ မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို ပထမအကျော့တွင် နှစ်ဂိုး-တစ်ဂိုး၊ ဒုတိယအကျော့တွင် နှစ်ဂိုး-တစ်ဂိုး၊ ပါကစ္စတန်အသင်းကို ပထမအကျော့တွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဆီးရီးယားအသင်းကိုမူ နှစ်ကျော့စလုံး အရေးနိမ့်ခဲ့သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


