ကင်ဘာရာ မတ် ၃၀
ဩစတြေးလျနိုင်ငံ၌ လောင်စာဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်မှုကို တုံ့ပြန်ရန် စက်သုံးဆီရောင်းချမှုအပေါ် အခွန်စည်းကြပ်မှုကို ထက်ဝက်လျှော့ချသွားမည်ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်ဘာနီးစ်က မတ် ၃၀ ရက်တွင် ကြေညာခဲ့သည်။
အယ်ဘာနီးစ်က ကင်ဘာရာမြို့၌ မတ် ၃၀ ရက် နံနက်ပိုင်းက ဝန်ကြီးချုပ်နှင့်ပြည်နယ် တာဝန်ရှိသူများ တွေ့ဆုံပြီးနောက် စက်သုံးဆီစည်းကြပ်ခွန်ကို ဧပြီ ၁ ရက်မှစ၍ သုံးလတာအထိ လျှော့ချသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီ၏ကုန်ကျစရိတ်ကို တစ်လီတာလျှင် ၂၆ ဒသမ ၃ ဆင့်အထိ ကနဦးလျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံတစ်ဝန်း ပျမ်းမျှစက်သုံးဆီဈေးနှုန်းမှာ မတ် ၂၉ ရက်အထိ ရက်သတ္တပတ်အတွင်း တစ်လီတာလျှင် ဩစတြေးလျဒေါ်လာ ၂ ဒသမ ၅၃ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဒေါ်လာခန့်) စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဩစတြေးလျရေနံအဖွဲ့အစည်း(AIP) က နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ အဆိုပါ စက်သုံးဆီဈေးနှုန်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ဩစတြေးလျ ဒေါ်လာ ၂ ဒသမ ၃၈ ဒေါ်လာရှိရာမှ ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ်သည်။
နိုင်ငံ၏ ပျမ်းမျှဒီဇယ်ဆီဈေးနှုန်းမှာလည်း အလားတူကာလအတွင်း တစ်လီတာလျှင် ဩစတြေးလျဒေါ်လာ ၃ ဒသမ ၁ မှ ၉ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


