မော်စကို မတ် ၃၀
ကာရေဘီယံကျွန်းနိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံ၌ စွမ်းအင်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ရုရှားနိုင်ငံက ရေနံထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က မတ် ၃၀ တွင် ပြောကြားသည်။
ကျူးဘားသို့ စွမ်းအင်ထပ်မံ တင်ပို့ရောင်းချမှုကို မျှော်လင့်နိုင်မလားဟု သတင်းထောက်များက မေးမြန်းရာ မိမိတို့ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပက်စ်ကော့ဗ်က သတင်းထောက်များအား ပြန်လည်ဖြေကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုရှားရေနံတင်သင်္ဘောတစ်စင်း ကျူးဘားနိုင်ငံသို့ ရောက်ရှိသွားကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီးဌာနက ယနေ့အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
မော်စကိုသည် ကျူးဘား၏ လက်ရှိအခက်အခဲများကို လျစ်လျူမရှုနိုင်ဘဲ ယင်းကိစ္စကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပက်စ်ကော့ဗ်က ဆက်လက်ပြောကြားသည်။
လက်ရှိအခြေအနေအရ ကျူးဘားသို့ လိုအပ်သော အကူအညီများပေးရန်မှာ မိမိတို့၏ တာဝန်ဖြစ်သည်ဟု ရုရှားက ရှုမြင်ပြီး တင်ပို့နိုင်ခဲ့သည့်အတွက် ရုရှားအနေဖြင့် ဝမ်းမြောက်မိကြောင်း ၎င်းက ပြောကြားသည်။
ရေနံတင်သင်္ဘော အနာတိုလီ ကိုလော့ဒ်ကင်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့် ကျူးဘားသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းခန့် ပို့ဆောင်ပေးထားကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီးဌာနက မတ် ၃၀ တွင် ထုတ်ပြန်ထားသည်။
ဆင်ဟွာ


