စစ်တွေ မတ် ၃၁

 

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီက ရခိုင် ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။ ယင်းနောက် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ မတက်ရောက်နိုင်သော ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။

 

ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦးက ဖွဲ့စည်းရန်လျာထားသည့် ဥပဒေပြုရေး ကော်မတီတွင် အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးမြသန်းအား ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အတွင်းရေးအမှူးအဖြစ် ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခိုင်ဇင်ဦးနှင့် ကော်မတီဝင် ခုနစ်ဦးတို့အားလည်းကောင်း၊ တိုင်းရင်း သားလူမျိုး များအရေး လေ့လာရေးကော်မတီတွင် ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်စောသိန်းအား ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အတွင်းရေးအမှူးအဖြစ် ပေါက်တောမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသာထွန်းနှင့် ကော်မတီဝင် ခုနစ်ဦး တို့အားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ကျော်ဇေယျအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အတွင်းရေးအမှူးအဖြစ် မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစောသိန်းထွန်းနှင့် ကော်မတီဝင် ငါးဦးတို့အား လည်းကောင်း၊ ဖွဲ့စည်းတာဝန်ပေးအပ်ရန် လျာထားသည့် အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့တင်ပြပြီး ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။

 

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေး လေ့လာရေး ကော်မတီနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီများ၏ ဖွဲ့စည်းတာဝန်ပေးအပ်မည့် အမည် စာရင်းအား အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေးကျင်းပမည့် နေ့ရက်ကို လွှတ်တော်ကိုယ်စားလှယ်များထံ အချိန်မီအကြောင်း ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်ဝင်းအောင်၊ တင်ထွန်း (ပြန်/ဆက်)