နေပြည်တော် ဧပြီ ၁
မကွေးတိုင်းဒေသကြီး မင်းဘူး မြို့နယ်၏ အမြင့်ဆုံးအပူချိန်သည် ယနေ့တွင် ၄၃ ဒသမ သုည ဒီဂရီ ဆဲလ်စီးယပ် ရှိခဲ့သည့်အတွက် ကမ္ဘာ့အပူဆုံး မြို့များစာရင်းတွင် အဆင့်(၁) ဝင်ရောက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန် ခက်ခဲသဖြင့် အပူဒဏ်တိမ်းရှောင်ရန် လိုအပ်သူများ အပူရှောင်စခန်း၌ လာရောက် နားခိုနိုင်ရေး အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက် ပညာအလင်းရောင် ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင် မင်းဘူးမြို့ အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းကြီးကြပ် မှုကော်မတီမှ တာဝန်ရှိသူများက ပညာအလင်းရောင်ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် သာသနာ့ ဗိမာန်(အောက်ထပ်)တို့၌ အပူရှောင်စခန်း ဖွင့်လှစ်ရေးနှင့် စပ်လျဉ်း၍ တင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ထိခိုက်လွယ် အုပ်စုဝင်များ အပါအဝင် ပြည်သူများအနေဖြင့် အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေး အပူဒဏ်ကာကွယ်ရေး နည်းလမ်းများကို ကိုယ်တိုင် လိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားကာ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုများ ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီ သမ္မတက ပေးအပ်သော အလှူငွေ ကျပ်သိန်း ၃၀၀ နှင့် ငွေကျပ် ၉၀၈၀၀၀ဝ တန်ဖိုးရှိ ဓာတ်ဆားနှင့် အချိုရည်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့က ထောက်ပံ့သည့် ထောက်ပံ့ငွေနှင့် အချိုရည်၊ သောက်ရေသန့်၊ တစ်ကိုယ်ရေသုံး ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးများက တာဝန်ရှိသူများထံ လွှဲပြောင်း ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ အပူရှောင်စခန်း ဖွင့်လှစ်မည့် ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ နားနေ ဆောင်၊ ထမင်းစားခန်း၊ သန့်စင်ခန်း၊ ယာယီဆေးခန်းတို့ကိုလည်းကောင်း၊ စကုမြို့ အောင်သုခ ကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာနှင့် မင်းဘူးမြို့သာသနာ့ ဗိမာန်တို့တွင် အပူရှောင်စခန်း ဖွင့်လှစ်ရန် စီမံဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
ဆောင်ရွက်ပေး
ဆက်လက်၍ စကုမြို့ ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ပင်ပန်း နွမ်းနွယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း လက္ခဏာများ ဖြစ်ပေါ်လာပါက အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် မကြီးကန်ကျေးရွာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းသို့ သွားရောက်၍ အပူရှောင် လာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များကို ရှင်းလင်း ပြောကြားကာ ထောက်ပံ့ငွေ၊ သောက်ရေသန့်နှင့် အချိုရည်များ ပေးအပ်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မကွေးမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့နှင့် နတ်မောက်မြို့တို့တွင် အပူရှောင် စခန်းလေးခုကို မတ် ၁၆ ရက်မှ စတင်ကာ ဖွင့်လှစ်ထားရှိပြီး အပူရှောင် လာရောက်ကြသူများအား သဘာဝဘေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်းနှင့် အပူဒဏ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် လိုအပ်သည်များ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


