နယူးဒေလီ ဧပြီ ၁
အိန္ဒိယနိုင်ငံတွင် ဧပြီ ၁ ရက်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်စနစ်ဖြင့် ပထမဆုံးအကြိမ် စတင်ကောက်ယူခြင်းဖြစ်သည်။ နယူးဒေလီဒေသအပါအဝင် ပြည်နယ်အများအပြားအတွက် အွန်လိုင်းသန်းခေါင် စာရင်းကောက်ယူခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန သန်းခေါင်စာရင်းကောက်ယူရေး ကော်မရှင်နာရုံးက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်သို့ ဝန်ထမ်းများ သန်းခေါင်စာရင်းကောက်ယူခြင်းမပြုမီ နိုင်ငံသားများကိုယ်တိုင် အွန်လိုင်းမှ အိမ်ထောင်စုဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းခြင်းကို ဧပြီ ၁၅ ရက်အထိ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
နေအိမ်အရေအတွက်နှင့် အိမ်ရာစာရင်းဆိုင်ရာ သန်းခေါင်စာရင်းကို ဧပြီ ၁၆ ရက်တွင် စတင်ကောက်ခံမည်ဖြစ်ကာ မေ ၁၅ ရက်အထိ ကောက်ခံမည်ဖြစ်သည်။
ဒုတိယအဆင့် သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေ၊ လူမှုစီးပွားဘဝ၊ ပညာရေး၊ ရွှေ့ပြောင်းနေထိုင်မှု၊ မျိုးပွားနိုင်စွမ်း စသည့် အချက်အလက်များကို စာရင်းကောက်ဝန်ထမ်းများက လူတစ်ဦးချင်းစီထံမှ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူရာ တွင် အစိုးရဝန်ထမ်း ၃ ဒသမ ၁ သန်းက အပိုင်းများခွဲ၍ ဆောင်ရွက်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် နောက်ဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၁၁ ခုနှစ်က ဆောင်ရွက်ခဲ့သည်။
နိုင်ငံအတွင်း ၂၀၂၁ ခုနှစ်က သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း ကိုဗစ် ၁၉ ရောဂါကူးစက်မှုကြောင့် နှောင့်နှေးခဲ့ရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် -စိုးသူရ


