ဘရက်ဆဲလ်    ဧပြီ    ၁

လက်ရှိ  အရှေ့အလယ်ပိုင်းဒေသတွင်  ဖြစ်ပေါ်နေသည့်  ပဋိပက္ခများကြောင့် စွမ်းအင်ဈေးကွက်တွင် ကြာရှည်စွာထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) စွမ်းအင်ကော်မရှင်နာ ဒန်ဂျော်ဂန်ဆန်က မတ် ၃၁ ရက်တွင် ပြောကြားသည်။ 

ပဋိပက္ခများ မကြာမီပြီးဆုံးသွားလျှင်ပင်  စွမ်းအင်ဈေးကွက်တွင် ထိခိုက်မှုများ ဆက်လက်ရှိနိုင်သည်ဟု ၎င်းက သတိပေးခဲ့သည်။ တုံ့ပြန်ဆောင်ရွက်မှုများကို ညှိနှိုင်းရန်အတွက် ဥရောပသမဂ္ဂ (အီးယူ) စွမ်းအင်ဝန်ကြီးများသည် မတ် ၃၁ ရက်က ဗီဒီယိုအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။ ယခုသက်ရောက်မှုများမှာ ကာလတိုသာမဟုတ်ကြောင်း ဥရောပသမဂ္ဂ(အီးယူ) စွမ်းအင်ကော်မရှင် နာက သတိပေးပြောကြားသည်။

မနက်ဖြန်တွင် ငြိမ်းချမ်းရေးရရှိခဲ့မည်ဆိုလျှင်ပင် အကျိုးဆက်များ ဆက်လက်ရှိနေမည်ဟု ၎င်းက ဆက်ပြောသည်။ ဒေသတွင်းစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများမှာလည်း အကြီးအကျယ်ပျက်စီးနေပြီဖြစ်သည်။ ပဋိပက္ခများစတင်သည့်အချိန်မှစ၍ ဥရောပသမဂ္ဂရှိ ဂတ်စ်ဈေးနှုန်းမှာ ၇၀  ရာခိုင်နှုန်းခန့်  မြင့်တက်ခဲ့ပြီး  လောင်စာဆီဈေးနှုန်းများသည်လည်း ၅၀  ရာခိုင်နှုန်းခန့်  မြင့်တက် ခဲ့ကြောင်း ၎င်းကပြောသည်။ ထို့ပြင် ရက် ၃၀ ကြာဖြစ်ပွားနေသည့်  ပဋိပက္ခကြောင့်  လောင်စာဆီတင်သွင်းမှုကုန်ကျစရိတ်သည် ယူရို ၁၄ ဘီလီယံအထိ တိုးမြင့်ခဲ့ကြောင်း ၎င်းက  ထပ်လောင်းပြောကြားခဲ့သည်။  ဥရောပကော်မရှင်အနေဖြင့် ၂၀၂၂  ခုနှစ် စွမ်းအင်အကျပ်အတည်းကာလက လုပ်ဆောင်ခဲ့ဖူးသည့်  ခြေလှမ်းများနှင့်  အလားသဏ္ဌာန်တူသည့်  ဈေးကွက်သက်ရောက်မှုများကို ဖြေရှင်းရန်  အရေးယူဆောင်ရွက်မှုများကို ပြင်ဆင်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။   

ဆင်ဟွာ