တိုကျို   ဧပြီ   ၁

ဂျပန်နိုင်ငံရှိ လေကြောင်းလိုင်းကြီး နှစ်ခုသည်  ဇွန်လမှစတင်ကာ နိုင်ငံတကာလေကြောင်း ခရီးစဉ်များအတွက် လောင်စာဆီဆိုင်ရာ အပိုကြေးတိုးမြှင့်ကောက်ခံမည်ဖြစ်သည်။  ရေနံစိမ်းစျေးနှုန်း မြင့်တက်လာမှုကို  တုံ့ပြန်သည့်အနေဖြင့်  ယင်းသို့ပြုလုပ်ခြင်းဖြစ်ပြီး ဈေးနှုန်းမြင့်တက်ခြင်းကြောင့်      ခရီးသွားလာမှုနှုန်း လျော့ကျနိုင်သည်။

All  Nippon  Airways  နှင့် Japan Airlines တို့၏ မြောက်အမေရိကနှင့်  ဥရောပခရီးစဉ်များအတွက် အသွားလမ်းကြောင်း အပိုကြေးသည် ဧပြီနှင့်​ မေလတွင် ကောက်ခံသည့်နှုန်းနှင့်  နှိုင်းယှဉ်ပါက ဇွန်လနှင့် ဇူလိုင်လတွင် ၇၂ ရာခိုင်နှုန်း ခုန်တက်သွားမည်ဖြစ်သည်။ ANA လေကြောင်းလိုင်း၏  ခရီးသည်များအတွက် အပိုကြေးမှာ  ယန်း  ၅၅၀၀၀(အမေရိကန်ဒေါ်လာ  ၃၄၆ ဒေါ်လာ) ခန့်  ကျသင့်မည်ဖြစ်ပြီး JAL  လေကြောင်းလိုင်းတွင်လည်း ယန်း ၅၅၀၀၀  ပေးဆောင်ရမည်ဖြစ်သည်။ လေကြောင်းလိုင်း နှစ်ခုစလုံးသည်  ဂျပန်မှ တောင်ကိုရီးယားနှင့်   ရုရှားအရှေ့ဖျားဒေသသို့   ပျံသန်းသည့်  လေယာဉ်ခရီးစဉ်များအတွက်  လောင်စာဆီအပိုကြေးကို ၉၇ ရာခိုင်နှုန်းအထိ မြှင့်တင်မည်ဖြစ်သည်။ လေကြောင်းလိုင်းများသည်  လောင်စာဆီစျေးနှင့် ငွေလဲနှုန်းမတည်ငြိမ်မှုများကို   ထိန်းညှိရန် နှစ်လတစ်ကြိမ် အပိုကြေးကောက်ခံမှုများကို  ပြန်လည်သုံးသပ်လေ့ရှိသည်။

အင်န်အိတ်ချ်ကေ