ဝါရှင်တန်   ဧပြီ   ၂

အမေရိကန် အာကာသအေဂျင်စီနာဆာ (NASA)က လကမ္ဘာပေါ်သို့ အာကာသယာဉ်မှူးများ လိုက်ပါသည့် အာကာသယာဉ်ကို ယမန်နေ့က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း   သိရသည်။

အဆိုပါအာကာသယာဉ်သည် ရာစုနှစ်တစ်ဝက်ကျော်အတွင်း ပထမဆုံးအာကာသယာဉ်မှူးများ လိုက်ပါသည့် နိုင်ငံတကာ အာတီမီအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

အာကာသယာဉ်ကို သယ်ဆောင်လာသည့် ဒုံးပျံကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသယာဉ်လွှင်တင်ရေးစခန်းမှ ဒေသစံတော်ချိန်  ညနေ ၆ နာရီ ၃၅ မိနစ်တွင် လွှင့်တင်ခဲ့သည်။

အမေရိကန်နိုင်ငံသား  သုံးဦးနှင့် ကနေဒါနိုင်ငံသား တစ်ဦးတို့ လိုက်ပါသည့် Orion အာကာသယာဉ်သည်  ဒုံးပျံနှင့် အောင်မြင်စွာခွဲထုတ်ပြီး လကမ္ဘာပေါ်သို့သွားရန် စီစဉ်ထားသောလမ်းကြောင်းပေါ်သို့ အနေအထားမှန်ကန်စွာဖြင့်  ဖြန့်ကြက်ရောက်ရှိခဲ့သည်။

အာကာသယာဉ်မှူးများက လပေါ်သို့ လှည့်ပတ်ပျံသန်းပြီး ၁၀ ရက်ခန့်အကြာတွင် ကမ္ဘာမြေပေါ်သို့ ပြန်လာရန် စီစဉ်ထားကြောင်း သိရသည်။ ၎င်းတို့သည် ခြောက်ရက်မြောက်နေ့တွင် လကမ္ဘာနှင့်  အနီးဆုံးနေရာသို့ ရောက်ရှိမည်ဖြစ်သည်။

၎င်းတို့သည် လမျက်နှာပြင်ကို ဓာတ်ပုံရိုက်ခြင်းအပါအဝင် အာကာသယာဉ်နှင့် ကမ္ဘာမြေတို့အကြား ဆက်သွယ်မှုနှင့် အသက်ကယ်ဆယ်ရေးစနစ်များကို   စမ်းသပ်သွားမည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် အာကာသယာဉ်မှူးများသည် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်မည်မဟုတ်သော်လည်း ၎င်းတို့သည် သမိုင်းတစ်လျှောက် ကမ္ဘာမှအဝေးဆုံးသို့ ခရီးထွက်နိုင်သူအဖြစ် မှတ်တမ်းဝင်သွားမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်