ကန်ဘာရာ ဧပြီ ၂
ဩစတြေးလျနိုင်ငံ အက်ဒလိတ်တက္ကသိုလ်မှ ဦးဆောင်သည့် သုတေသနပြုလုပ်ချက်အသစ်အရ ပြင်းထန်သည့်အပူချိန်နှင့် ထိတွေ့ခံစားရခြင်းသည် ပေါင်မပြည့်သည့် ကလေးမွေးဖွားမှုအန္တရာယ်ကို တိုးမြှင့်နိုင်သည်ဟု သိရသည်။ အဆိုပါသုတေသနမှာ ပါကစ္စတန်ရှိ မိခင်နှင့် ကလေးပေါင်း ၈၅၀၀၀ ၏ ကျန်းမာရေးအချက်အလက်များကို သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အက်ဒလိတ်တက္ကသိုလ်က ထုတ်ပြန်သည့် ဧပြီ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မိခင်နှင့်ကလေး ၈၅၀၀၀ ကျော်၏ ၁၀ နှစ်တာ မွေးဖွားမှုကျန်းမာရေးမှတ်တမ်းများနှင့် အပူချိန်အချက်အလက်များ ပေါင်းစပ်ကာ ပြင်းထန်သောအပူရှိန်သည် မွေးကင်းစကလေး၏ ကိုယ်အလေးချိန်အပေါ် မည်သို့သက်ရောက်နိုင်သည်ကို လေ့လာခဲ့ကြသည်။ လေ့လာတွေ့ရှိချက် များအရ ၁၈ ရာခိုင်နှုန်းသော ကလေးများမှာ ၂ ဒသမ ၅ ကီလိုဂရမ်အောက် လျော့နည်းသော အလေးချိန်ဖြင့် မွေးဖွားကြပြီး သို့မဟုတ် ပုံမှန်အလေးချိန်အောက်လျော့နည်းကာ မွေးဖွားလာကြ သည်ဟု သိရသည်။ အမ်ဘီစီဆေးပညာစာစောင်တွင် ဖော်ပြချက်အရ ကိုယ်အလေးချိန်နည်းသော မွေးကင်းစကလေးများ၏ ၁၃ ရာခိုင်နှုန်းခန့်သည် ရာသီဥတုပူပြင်းမှုနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ယင်းနှုန်းထားသည် ၂၀၆၀ ပြည့်နှစ် အလွန်များတွင် ရှစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ပါကစ္စတန်ရှိ အချို့သောဒေသများ၌ ပြင်းထန်သည့်အပူချိန်နှင့် ထိတွေ့မှုရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ပေါင်မပြည့်ဘဲ ကလေးမွေးဖွားနိုင်ခြေ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း အက်ဒလိတ်တက္ကသိုလ် ရော်ဘင်ဆင်သုတေသနဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ ဇိုဟာရာ လာဆီက ပြောသည်။
ဆင်ဟွာ


