ဗြိတိန်နာမည်ကျော် တင်းနစ်မယ် အမ်မာရာဒူကာနူသည် လာမည့်သီတင်းပတ်တွင်  ဩစတြီးယားနိုင်ငံ၌  ကျင်းပမည့်  Linz Open ပြိုင်ပွဲမှ  အဖျားဝေဒနာကြောင့် ယှဉ်ပြိုင်ကစားသွားမည် မဟုတ်ကြောင်း ၎င်းကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အသက် ၂၃ နှစ်အရွယ် ရာဒူကာနူသည် ဒဗလျူတီအေ ၅၀၀ အဆင့် အဆိုပါပြိုင်ပွဲကို ယှဉ်ပြိုင်သွားမည်မဟုတ်ဘဲ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ကောင်းမွန်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့အဆင့် (၂၈) ရှိ  ရာဒူကာနူသည်  ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် အင်ဒီးယန်းဝဲလ်စ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း မိုင်ယာမီအိုးပင်းပြိုင်ပွဲတွင်  ဆက်လက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။

ရာဒူကာနူသည်  ၂၀၂၁ ခုနှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးရရှိပြီးနောက်  ထိခိုက်ဒဏ်ရာပြဿနာများ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများဖြင့်  ရုန်းကန်နေရသူဖြစ်သည်။

၎င်းသည် ယခုနှစ်ရာသီပြိုင်ပွဲ  ခြောက်ခုတွင် ၁၄ ပွဲ ယှဉ်ပြိုင်ထားပြီး  ခုနစ်ပွဲ  နိုင်ပွဲရရှိထားသည်။ ဗြိတိန်နံပါတ်တစ်တင်းနစ်မယ်    ရာဒူကာနူသည် ဒဗလျူတီအေ ၁၀၀၀ အဆင့်ရှိ ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် မက်ဒရစ်အိုးပင်းပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရန် မျှော်လင့်ထားသည်။

Linz Open ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ရုရှားတင်းနစ်မယ် အဲလက်ဇန်ဒရိုဗာဖြစ်ပြီး ဗိုလ်လုပွဲတွင် ယာစထရင်ကာကို ၆-၂၊ ၃-၆၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးထားသည်။  ယခုနှစ် Linz Open ပြိုင်ပွဲသို့ လက်ရှိချန်ပီယံ  အဲလက်ဇန်ဒရိုဗာ၊ တော်ဆန်၊ ဆမ်ဆိုနိုဗာ၊ အော့စတာပင်ကို၊  နာဗာရို၊ ဆာစတီယာ၊ ခရစ္စတီယန် စသည့်   နာမည်ကြီးတင်းနစ်မယ်များ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။        

အောင်ဇော်