ပုသိမ် ဧပြီ ၃
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက် ကြသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် အိမ်မဲမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ကိုးဦးဖြင့်လည်းကောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် လေးမျက်နှာမြို့နယ် ကိုယ်စားလှယ် အမှတ် (၁) ဦးကျော်ဝင်းနိုင် အပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ်ကိုးဦးဖြင့်လည်းကောင်း၊ တိုင်းရင်း သားလူမျိုးများအရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် ငပုတောမြို့နယ်ကိုယ်စားလှယ် အမှတ် (၂) နန့်အေးအေးကြူ အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ကိုးဦးဖြင့်လည်းကောင်းဖွဲ့စည်းမှုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ အတည်ပြုရန် သဘောတူသဖြင့် လျာထားသတ်မှတ်ချက်ပါအတိုင်း ကော်မတီ သုံးရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်သည်။
ယင်းနောက် ကော်မတီ(၃)ရပ်မှ ဥက္ကဋ္ဌများက သက်ဆိုင်ရာကော်မတီအလိုက် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းများကို လွှတ်တော် သို့ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


