ဧပြီ ၆
ဗီယက်နမ်နိုင်ငံသို့ ယခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံတကာခရီးသွား ၆ ဒသမ ၇၆ သန်းဝင်ရောက်ခဲ့ရာ ယခင်နှစ်က နိုင်ငံတကာခရီးသွားဝင်ရောက်မှုထက် ၁၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ပြောကြားချက်ကိုကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြခဲ့သည်။
လေကြောင်းခရီးသွားလာမှုသည် ထိုကာလအတွင်း အများဆုံးဖြစ်ကာ ခရီးသွားစုစုပေါင်းလာရောက်မှု၏ ၈၂ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ကုန်းလမ်းကြောင်း ခရီးသွားဝင်ရောက်မှု ၁၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ရေလမ်းကြောင်း ခရီးသွားလာရောက်မှု ၂ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
လေကြောင်းခရီးသွားလာမှု မြင့်မားခြင်းသည် ဗီယက်နမ်၏ လေကြောင်းချိတ်ဆက်မှု တိုးတက်လာခြင်းကို ထင်ဟပ်စေရုံသာမက လုံခြုံစိတ်ချရပြီး သွားလာရလွယ်ကူသောနေရာတစ်ခုအဖြစ် နိုင်ငံတကာ ခရီးသွားများအကြား ယုံကြည်မှုတိုးပွားလာမှုကိုလည်း ညွှန်ပြလျက်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် ခရီးသွားများလာရောက်မှုအများဆုံးနိုင်ငံနှစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ခရီးသွားဦးရေ ၁ ဒသမ ၄ သန်းနှင့် ၁ ဒသမ ၃ သန်း အသီးသီးရှိကာ နိုင်ငံတကာခရီးသွားလာရောက်မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


